မိန်းကလေးဖြစ်လို့ တချို့အရာတွေကို မလုပ်နိုင်ဘူးတဲ့လား (ရုပ်သံ)

တယောက်ယောက်ကို မင်းဟာ မိန်းကလေးတယောက်ဖြစ်နေလို့ တခုခုကို မလုပ်နိုင်ဘူးလို့များ သင်တို့အနေနဲ့ ပြောဖူးပါသလား။ ဒီရုပ်သံဗွီဒီယိုဖိုင်ကတော့ သြစတြေးလျနိုင်ငံအနှံ့ ဖွင့်လှစ်ထားတဲ့ ဖဲန်ဝုဒ် (Fernwood) အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုစင်တာရှိ အသက် ၃ နှစ်ကနေ ၁၂ နှစ်ကြား မိန်းကလေးတွေကို မေးခွန်းမေး စစ်တမ်းကောက်ယူမှုတွေကို ရိုက်ယူထားခဲ့တာပါ။ လတ်တလောမှာတော့ အပြုသဘောဆောင်တဲ့ စိတ်ဝင်စားဖွယ် မေးခွန်းကြောင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ် ပြန်လည်မျှဝေမှုတွေ မြင့်တက်နေခဲ့ပါတယ်။ သူတို့ဟာ ဒီမေးခွန်းအတွက် မိန်းကလေးဦးရေ စုစုပေါင်း အယောက် ၅၀ လောက်ကို မေးခွန်းတွေ မေးခဲ့ရတယ်လို့ ဆိုပါတယ်။ မေးခွန်းက ရိုးရှင်းသလို မိန်းကလေးတွေရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုနဲ့ ဖြေဆိုကြတဲ့ အဖြေတွေကလည်း ရှင်းလင်းပါတယ်။ ရုပ်သံဗွီဒီယိုဖိုင် အစပိုင်းမှာ မိန်းကလေးတွေဟာ သူတို့ရဲ့ နာမည်၊ အသက်အရွယ်နဲ့ ခံစားမှု အတွေ့အကြုံတွေကို စတင်မိတ်ဆက် ပြောကြတာကို ရိုက်ပြထားတာပါ။ အဲဒီနောက်မှာမှ ဒီမေးခွန်းကို စတင်မေးခဲ့တာဖြစ်ပြီး အများစုက မှန်ကန်တယ်လို့ ဖြေကြတာကို တွေ့ရပါတယ်။ ဒီအဖြေတွေရဲ့ အကျိုးသက်ရောက်မှုကတော့ မိန်းကလေးတွေဟာ ကျောင်းမှာ ငယ်ရွယ်စဉ် အချိန်ကာလမှာဖြစ်ဖြစ်၊ ကြီးသွားချိန်မှာဖြစ်ဖြစ် ခွဲခြားဆက်ဆံခံနေရဆဲဆိုတာကို ပြနေတာဖြစ်တယ်လို့ စက်တင်ဘာ ၅ ရက် ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဘောလုံးကစားတာ၊ ဟော်ကီကစားတာ၊ ဂိုးသွင်းတာလို အခြေအနေမျိုးတွေမှာ သူတို့အနေနဲ့ တခြားယောက်ျားလေးတွေရဲ့ ‘မင်းဟာ မိန်းကလေးဖြစ်လို့ မလုပ်နိုင်ဘူး’ ဆိုတဲ့ အဖြေတွေ၊ တုံ့ပြန်မှုတွေ ရရှိဖူးကြတယ်လို့ အသက် ၇ နှစ်အရွယ် အက်ဗီလီက ပြောပါတယ်။ သူက “ယောက်ျားလေးတွေ ဟော်ကီကစားနိုင်သလို မိန်းကလေးတွေလည်း ကစားနိုင်ပါတယ်” လို့ ဆိုပါတယ်။ အစ္စဘယ်လာကတော့ “ကျမကတော့ ကျမကို မလုပ်နိုင်ဘူးလို့ လူတွေပြောနေကြတာတွေကို လုပ်ပြပြီး သူတို့ပြောတာတွေ မှားကြောင်း သက်သေပြလေ့ရှိတယ်” လို့ ပြောပါတယ်။ အသက် ၁၂ နှစ်အရွယ် စတက်ဖနီကတော့ “ယောက်ျားလေးတွေ လုပ်နိုင်တာကို မိန်းကလေးတွေလည်း လုပ်နိုင်တယ်လို့ ကျမ ယုံကြည်တယ်” လို့ ပြောလိုက်တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ရဲ့ မှတ်ချက်ပေးတဲ့ နေရာအောက်မှာတော့ တယောက်က “အကောင်းဆုံး ကြိုးစားနေကြတဲ့ မိန်းကလေးတွေနဲ့ ဖဲန်ဝုဒ်” လို့ ရေးခဲ့ပြီး တခြားတယောက်ကတော့ “အမျိုးသမီး စည်းမျဉ်းဥပဒေသ” လို့ မှတ်ချက်ပေးခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up