၁၁ လအရွယ် ကလေးငယ်ကို တောထဲခိုးယူ အဓမ္မပြုကျင့်မှု ဖြစ်ပွား

ဓာတ်ပုံ - Ramesh Sharma/India Today Group/Getty Images
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ၁၁ လအရွယ် ကလေးငယ်တဦးဟာ မိခင်နဲ့အတူ အိပ်ပျော်နေချိန် အိမ်နီးချင်းတဦးက တောထဲကို ခိုးယူပြီး အဓမ္မပြုကျင့်မှု ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘူကက်စ်ပူရီဒေသက ရဲဝန်ထမ်းအိမ်ရာဝင်းအတွင်းမှာ ဖြစ်ခဲ့တာလို့ ဗြိတိန်အခြေစိုက် မက်ထရိုသတင်းမှာ စက်တင်ဘာ ၄ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီနေ့ ညပိုင်း ၁၀ နာရီလောက်မှာ ကလေးငယ်ကို ခိုးယူကာ အနီးနားက တောထဲမှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူက ၁၁ နာရီလောက်မှာမှ ကလေးပျောက်ဆုံးနေတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် မိခင်ဖြစ်သူက ရဲတွေကို အကြောင်းကြားခဲ့တာဖြစ်ပြီး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာဆီ ရောက်ခဲ့ချိန်မှာတော့ ရဲတွေဟာ သတိလစ် မေ့မျောနေတဲ့ ကလေးငယ်ကို တွေ့ရှိခဲ့ရတဲ့အတွက် ဒီးန်ဒါရယ်လ်ဥပက်ဒ်ဟေးဆေးရုံ အထူးကြပ်မတ်ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ရတာပါ။ “ကလေးငယ်ဟာ သွေးထွက်လွန်နေပါတယ်။ ဆေးရုံက ဆရာဝန်တွေကတော့ သူ့ရဲ့အခြေအနေဟာ စိုးရိမ်ရကြောင်း ပြောပါတယ်” လို့ ရဲအရာရှိတဦးက ဆိုပါတယ်။ ကလေးငယ်အနီးမှာ ပစ်ထားခဲ့တဲ့ မိုဘိုင်းဖုန်းတလုံးကို တွေ့ရှိခဲ့ရတာကြောင့် ရဲတွေဟာ သံသယရှိသူနောက်ကို ခြေရာခံလိုက်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရဲအရာရှိက “ကျနော်တို့ ဒီဖုန်းရဲ့ အကူအညီနဲ့ သူရှိတဲ့နေရာကို ခြေရာခံပြီး ဖမ်းမိနိုင်ခဲ့ပါတယ်။ သူ့ကို အလုပ်သမားစခန်းထဲမှာ ဖမ်းမိခဲ့တာပါ” လို့ ဆက်ပြောပါတယ်။ အဆိုပါ တရားခံအမျိုးသားဟာ စခန်းတွင်းမှာ တခြားအလုပ်သမားတွေနဲ့ အတူရှိနေပြီး ကလေးငယ်ကို ၁၀ နာရီလောက်မှာ တောထဲခေါ်ဆောင်သွားခဲ့တယ်လို့ ၀န်ခံပါတယ်။ သူ့ကို အိန္ဒိယနိုင်ငံ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အဓမ္မပြုကျင့်မှုနဲ့ တီဟာရ်အကျဉ်းထောင်မှာ တရားစွဲဆိုထားတယ်လို့ သတင်းက ဆိုပါတယ်။ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက “ကျနော့်သမီးရဲ့ အခြေအနေကို တွေ့လိုက်ရတာ တော်တော့်ကို တုန်လှုပ်မိပါတယ်။ အ၀တ်တွေလည်း စုတ်ပြဲနေပြီး ခန္ဓာကိုယ်ပေါ်အနှံ့ လက်သည်းရာတွေလည်း တွေ့ရပါတယ်။ ဒီဒဏ်ရာတွေဟာ သူ့ရဲ့ ဘ၀တလျှောက်လုံး ပါသွားမယ့် အရာတွေပဲ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up