Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ပေးရန် အမေရိကန်စဉ်းစား
DVB
·
September 3, 2016
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလအမေရိကန်နိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အတွင်းမှာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပယ်ဖျက်ဖြေလျှော့သွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သမ္မတအိုဘားမားဟာ ခုသီတင်းပတ်ကုန် တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီးနောက် လာအိုနိုင်ငံမှာ  ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်မယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို တက်ရောက် ဖို့ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ၀ါရှင်တန်ဒီစီကို သွားရောက်လည်ပတ်ပြီး အမေရိကန်သမ္မတ အိုဘားမား၊ ဒု သမ္မတ ဂျိုးဘိုင်ဒန်၊ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေအပြင် စီးပွားရေးခေါင်းဆောင်တွေနဲ့ ပါ တွေ့ဆုံဖို့ရှိနေတာပါ။ အမေရိကန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ မြန်မာနိုင်ငံမှာ အာဏာ အပြည့်ရှိနေသေးတဲ့ စစ်တပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လောက်ထိ ဖြေလျှော့ ပေးစေချင်သလဲဆိုတဲ့အပေါ် မူတည်ပြီး သမ္မတအိုဘားမားက ပိတ်ဆို့ ဒဏ်ခတ်မှုလျော့ပေးဖို့ ဆုံးဖြတ်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အကျဉ်းကျကာလတလျှောက်လုံးမှာ အနောက်နိုင်ငံတွေကို မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ဖိအားပေးကူညီခဲ့တာပါ။ လက်ရှိမှာတော့ သူဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ ပြည်သူတွေအတွက် စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုတွေ လျော့ကျလာစေဖို့ ချိန်ခွင်လျှာထိန်းညှိပြီး ကြိုးစားလုပ်ဆောင်နေတာပါ။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ခဲ့ပြီးဖြစ်ပေမယ့် အဓိကအားဖြင့် စစ်တပ်ပိုင်လုပ်ငန်းတွေအဖြစ် ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတင်သွင်းမှုလို လုပ်ငန်းမျိုးတွေကို ပိတ်ဆို့တားမြစ်ထားဆဲ ဖြစ်ပါတယ်။ “ကျနော်တို့က ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာတွေနဲ့ ပတ်သက်တာတွေကို ရှာဖွေပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုဝန်းကျင်မှာ ဘာတွေ တိုး တက်အောင်လုပ်နိုင်မလဲ ဆိုတာကို ရှာဖွေနေတာပါ” လို့ အမေရိကန်အစိုးရ ရင်းမြစ်တခုက ဆိုပါတယ်။ အဓိကအရေးကြီးတဲ့ မေးခွန်းတခုကတော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အင်အားရှိနေသေးတဲ့ စစ်တပ်ရဲ့ ဖိအားပေးမှုအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လောက်ထိ အမေရိကန်နိုင်ငံဘက်မှ ဖြေလျှော့ပေးစေလိုသလဲ ဆိုတဲ့အပေါ် မူ တည်နေတာပါ။ “တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ အစိုးရတာဝန်ရှိသူတွေ အခန်းတွင်းရှိနေချိန်မှာ သူက ရှင်တို့ပိတ်ဆို့ထားသမျှ အရေးယူမှုတွေကို ဖြေလျှော့ ပေးစေချင်တယ်လို့များ ပြောလာခဲ့ရင် သူတို့အနေနဲ့ ‘နိုး’လို့ ငြင်းပယ်လိုက်ကြမလားဆိုတာ ခန့်မှန်းရခက်ပါတယ်”လို့ ကွန်ဂရက်လွှတ်တော် သတင်းရင်းမြစ်ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကလည်း အမေရိကန်ပြည်ထောင်စုကို အတိုက်အခံ ခေါင်းဆောင်တဦးအနေနဲ့ သွားရောက်ခဲ့ဖူးပြီး ခုသွားရောက်မယ့် ၀ါရှင်တန်ခရီးစဉ်ကတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ အစိုးရတာဝန်ရှိသူတဦးအနေနဲ့  ပထမဆုံးသွားရောက်မယ့် ခရီးစဉ်ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024