Home
မြန်မာသတင်း
အာဃာတမထားဘဲ ကောင်းမွန်သည့်အမွေအနှစ် ချန်ထားနိုင်ရေး ၀ိုင်းဝန်းလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
September 3, 2016
တဦးအပေါ်တဦး အာဃာတတွေ၊ သံသယတွေ မထားဘဲ ကောင်းမွန်တဲ့ အမွေအနှစ်တခု ချန်ထားနိုင်ရေးအတွက် ၀ိုင်းဝန်းစဉ်းစား လုပ်ဆောင်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေး နောက်ဆုံးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ၏ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  နှုတ်ခွန်း ဆက်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအပြည့်စုံ ဖတ်ရှုရန် လေးစားရပါသော သဘာပတိကြီးနှင့် အခုညီလာခံကို တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့ ရင်းနဲ့ ကျမစပြီးတော့ နှုတ်ဆက်ပါတယ်။ ကျမကျေးဇူးတင်စကား ပြောဖို့ပဲဖြစ်ပါတယ်။ ဒီညီလာခံကို လာပြီးတော့ အားပေးတဲ့ ပုဂ္ဂိုလ်များ၊ ဒီညီလာခံဖြစ်မြောက်အောင်လို့ လုပ်ပေးတဲ့ အထောက်အကူပုဂ္ဂိုလ်များ အားလုံးနှင့်တကွ ဒီညီလာခံကို မျှော်လင့် ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြတဲ့ ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားများ အပေါင်းနဲ့ မိတ် ဆွေများအပေါင်း၊ ကမ္ဘာတ၀ှမ်းရှိ မိတ်ဆွေများအပေါင်းကို ကျေးဇူးတင်တယ်လို့ ကျမ ပြောချင်ပါတယ်။ ကျမတို့ ဒီညီလာခံကြီးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဖြစ်စဉ်တခုဆိုတာဟာ အစဉ်တစိုက်ဆက်ပြီးတော့ လုပ်နေရမယ့်ကိစ္စဖြစ်ပါတယ်။ ကျမ တို့ဟာ ဒီညီလာခံ ခန်းမအတွင်းမှာ ရောက်နေတဲ့ အချိန်မှသာ ငြိမ်းချမ်းရေးအကြောင်း စဉ်းစားဖို့ မဟုတ်ပါဘူး။ အစည်းအဝေးတွေ ကျင်းပနေတဲ့ အချိန်မှသာ ငြိမ်းချမ်းရေး အကြောင်းစဉ်းစားဖို့ မဟုတ်ပါဘူး။ တချိန်လုံး ကျမတို့ဟာ ငြိမ်းချမ်းရေးကို ဘယ်လိုရအောင် ယူကြမလဲ။ ကျမတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံ့အောင်လို့၊ ချမ်းသာအောင်လို့ ဘယ်လိုကျမတို့ လုပ်ကြမလဲဆိုတာကို အစဉ်တစိုက် ကျမတို့ စဉ်းစားနေရမယ့် ကိစ္စဖြစ် ပါတယ်။ အခု ဒီညီလာခံကြီးအတွင်းမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေအားလုံးကို ပြည်သူလူထု သိနိုင်အောင်လို့ ကျမတို့လွှင့်ပေးပါတယ်။ ဒီလိုလွှင့်ပေးခြင်းအားဖြင့် ပြည်သူလူထုဟာ ကျမတို့ရဲ့ ငြိမ်းချမ်းရေး ညီလာခံထဲမှာ မဖြစ်မနေပါဝင်ရမယ့် ပုဂ္ဂိုလ များဖြစ်တယ်ဆိုတာလည်း နားလည်စေချင်တယ်။ ပြည်သူများအနေနဲ့လည်း ကျမတို့ ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လိုအခက်အခဲတွေကို ကျော်လွှားဖို့ လိုမလဲဆိုတာကိုလည်း နားလည်စေချင်တယ်။ အခက်အခဲတွေ ရှိတယ်ဆိုတာသိမှ ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတဲ့ အဖြေကို ကျမတို့ ရှာနိုင်မှာဖြစ်ပါတယ်။ အခု ဆိုရင် အစုအဖွဲ့အသီးသီး၊ ပုဂ္ဂိုလ်များအရ၊ အစုအဖွဲ့များအရ ပြသတဲ့နေရာမှာ ဘယ် သူတွေဟာ အတိတ်ကိုပိုပြီးတော့ လှည့်ကြည့်တဲ့နေရာမှာ အားသန်သလဲ၊ ဘယ်သူတွေဟာ အနာဂတ်ကို မျက်နှာမူတဲ့နေရာမှာ အားသန်လဲဆိုတာလည်း ပေါ်လာပါလိမ့် မယ်။ ဒါပေမယ့် ဒါတွေဟာလည်း ထာဝရမဟုတ်ပါဘူး။ အခုအချိန်မှာ အတိတ်ကို လှည့်ကြည့်နေတဲ့ ပုဂ္ဂိုလ်များဟာ နောင်တချိန်မှာ အနာဂတ်ကိုဘက်ကို လှည့်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း ကျမတို့မျှော်လင့်ပါတယ်။ အတိတ်ရဲ့ချည်နှောင်မှုကို ကျမတို့က ခံနေမှာလား။ အနာဂတ်ကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီးတော့ တည်ဆောက်သွားမှာလားဆိုတာ ကျမတို့တဦးချင်း တဦးချင်း ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အစုအဖွဲ့တခုအတွက်လည်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တယောက်အတွက်လည်း မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးစုတစုအတွက်လည်း မဟုတ်ပါဘူး။ ကျမတို့ ပြည်ထောင်စုကြီးအတွက် ဖြစ်တယ်ဆိုတာကို ကျမတို့ သဘောပေါက်ဖို့လိုပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကြောင့်မို့ ကျမတို့ရဲ့ ဒီခန်းမထဲမှာ ဖြစ်စဉ်ကို တကမ္ဘာလုံးကလည်း စိတ်ဝင်းစားကြပါတယ်။ ဒီလိုငြိမ်းချမ်းရေး ရယူဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ကိစ္စ၊ အခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ အခက်အခဲတွေ ကျော်လွှားပြီးတော့ ငြိမ်းချမ်းရေးရအောင် ယူခဲ့ရပါတယ်။ အဲလို ယူခဲ့တဲ့အချိန်မှာဆိုရင် မုဒိတာပွားကြတယ်။ စိတ်ချမ်းသာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေထဲမှာဆိုရင် အချင်းချင်းဆက်နွှယ်မှုဆိုတာ ရှိနေတာပဲ။ တနေရာမှာ ငြိမ်းချမ်းရေးရသွားပြီဆိုရင် ကျမတို့နိုင်ငံအတွက် မျှော်လင့်ချက်ရသလို ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေး အောင်မြင်တယ်ဆိုရင် အခြားနိုင်ငံတွေအတွက်လည်း မျှော်လင့်ချက်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကျမတို့အားလုံး ကိုယ့်ရဲ့တာဝန်ဟာ ဘယ်လောက်ကြီးမားတယ်၊ ဒီတာဝန်ကို ကျေကျေပြွန်ပြွန် ထမ်းဆောင်နိုင်ဖို့ အခွင့် အရေးဟာ ဘယ်လောက်ဂုဏ်သိက္ခာရှိတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ အခုဆိုရင် ကျမတို့ ဒီညီလာခံဟာ ညီလာခံရဲ့ နိဒါန်းပဲဖြစ်ပါတယ်။ ပထမအစည်းအဝေးပါ။ ပထမ အစည်းအဝေးပြီးရင် နောင်လည်း အစည်းအဝေးတွေ လာဦးမှာပါ။ အစည်းအဝေးတွေ ကြားထဲမှာပဲ လုပ်စရာတွေက အများကြီးရှိပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများ လုပ်ဖို့ဆိုတာဟာ လက်ရှိ ဒီညီလာခံပြီးတာနဲ့ အစည်းအဝေးပြီးတာနဲ့ စတင်ပြီးတော့ ကျမတို့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျမတို့ရဲ့ CSO ဖိုရမ်တွေ ဖြစ်မြောက်ဖို့အတွက်လည်း ကျမတို့စတင်ပြီးတော့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ လုပ်စရာ အလုပ်တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် လုပ်ရကျိုးနပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တော့ ကျမတို့လုပ်နေတာဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ဆိုတာဟာ အင်မတန်မှ ကြာရှည်တဲ့ကာလကြီးပါ။ နိုင်ငံရဲ့အနာဂတ်မှာ ဒီနိုင်ငံရဲ့ အရိပ်ကိုခိုလှုံသွားရမယ့် ပြည်သူပြည်သားများဆိုတာ မရေမတွက်နိုင်အောင်လို့ ရှိလာပါလိမ့်မယ်။ ဒီကမ္ဘာကြီး ဘယ်လောက်ထိ ကြာကြာခံမလဲဆိုတာ ကျမတို့ တယောက်မှ မသိပါဘူး။ ကမ္ဘာတည်သရွေ့ ကျမတို့နိုင်ငံတွင်း မှီတင်းနေထိုင်သူများအားလုံး လုံခြုံဖို့အတွက်၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာဖို့အတွက် ကျမတို့လုပ်နိုင်တယ်ဆိုရင် ဒါဟာကျမတို့ လူဖြစ်ရကျိုးနပ်ပြီလို့ အားလုံးဟာ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်များအားလုံး ဒီညီလာခံရဲ့ အောင်မြင်မှုမှာ ပါဝင်ရမယ့် ကိုယ်စားလှယ် များအားလုံးဟာ လူဖြစ်ရကျိုးနပ်အောင်လို့ ကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်း ချင်ပါတယ်။ ကျမတို့ဟာ ဒီလောကကြီးမှာ လာသွားတာဟာ တခဏပါပဲ။ အသက် ဘယ်လောက်ရှည်နိုင်မလဲ။ ကျမနားလည်သလောက်ကတော့ ဒီကမ္ဘာမှာ အသက်ရှည် ဆုံးနေခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဟာ ၁၂၀ ကျော်ကျော်လောက်ဖြစ်ပါတယ်။ ၁၂၀ ဆိုတာလည်း ဘာမှ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ သက်တမ်းနဲ့ စာရင်၊ ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့စာရင် ၁၂၀ ဆိုတာ ဘာမှမဟုတ်ပါဘူး။ အဲတော့ ကျမတို့တွေ ကံကောင်းလို့ ကျန်းမာရေး ကောင်းလို့ နေနိုင်တယ်ပဲ ဆိုပါဦးစို့။ ဒီ ၁၂၀ ဆိုတာ တခဏလေးပါပဲ။ ကျမတို့လို အသက်ရရှိနေတဲ့ လူတွေဆိုရင် ၁၂၀ ထိ နေဖို့ဆိုရင်တောင် သိပ်တော့မကျန်တော့ပါဘူး။ ပြီးတော့ ကျမတို့ဟာ ကိုယ်ရှိတဲ့အချိန်လေးကို တန်ဖိုးရှိအောင်လို့ သုံးကြပါစို့။ ကိုယ်ရှိတဲ့အချိန်လေးကို အရင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်လှည့်ကြည့်ပြီးတော့ အာဃာတတွေ ပွားနေမယ့်အစား၊ တဦးပေါ်တဦး သံသယတွေ ထားနေမယ့်အစား ကျန်တဲ့အချိန်အတွင်းမှာ ဘယ်လိုဒီအာဃာတတွေ ပျောက်အောင်လုပ်မလဲ၊ ဘယ်လို ဒီသံသယတွေ ကင်းစင်သွားအောင်လုပ်မလဲ၊ ဘယ်လိုကောင်းမွန်မယ့် တန်ဖိုးရှိတဲ့ အမွေအနှစ်တခုကို ချထားခဲ့မလဲဆိုတာပဲ စဉ်းစားကြပါစို့လို့ ကျမကနေပြီးတော့ တိုက် တွန်းချင်ပါတယ်။ အခု ကျမတို့ညီလာခံမှာ ညီလာခံအတွင်းမှာ တခါတလေလည်း အထစ်အငေါ့လေးတွေ ဖြစ်တယ်ပေါ့နော်။ မပီပြင်တဲ့ ကိစ္စလေးတွေလည်း ရှိပါလိမ့် မယ်။ ဒါပေမယ့်လည်း ဒီညီလာခံဖြစ်မြောက်အောင်လို့ လုပ်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံး ကို ကျမ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျမတို့ အချိန်ကလည်း သိပ်ရှိခဲ့တာ မဟုတ်ပါဘူး။ အချိန်သိပ်ရှိခဲ့တာ မဟုတ်ဘူးဆိုရင် တချို့က မေးပါမယ်။ ဒါဆို ဘာလို့ အမြန်လုပ်လဲ။ ဘာဖြစ်လို့မစောင့်လဲဆိုပြီးတော့။ ဒါစောင့်ရမယ့် ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ကျမတို့မှာ ရှိတဲ့အချိန်ကို လုပြီးတော့ လုပ်နေရတာပါ။ ရှိတဲ့အချိန်ကို လုပြီးတော့ လုပ်နေတယ်ဆိုတာ ကျမတို့အတွက်လည်း မဟုတ်ဘူး။ ကျမတို့အစိုးရအတွက်လည်း မဟုတ်ဘူး။ ကျမတို့ရဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက်ဖြစ်တယ်။ ကျမတို့အစိုးရပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှုမရှိရင်တော့ ဘယ်ကိစ္စကိုမှ အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့ ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှု၊ ပြည်သူလူထုရဲ့ လေးစားမှု ရအောင်လို့ ဒီညီလာခံကြီးကို ဖြစ်မြောက်အောင်လို့ အားလုံးဝိုင်းပြီးတော့ ကြိုးစားဖို့လိုပါတယ်။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက နားထောင်နေကြတယ်။ ပြည်သူတွေကနေပြီးတော့ မျှော်လင့်နေကြပါတယ်။ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ ဘယ်သူတွေဟာ ဘယ်လိုစိတ်ထားရှိတယ်၊ ဘယ်လိုပြဿနာတွေကို ကျမတို့တွေ အားလုံးကျော်လွှားရမယ်။ ဘယ်သူတွေဟာ ကျမတို့ရဲ့ နိုင်ငံအတွက် အဓိကစေတနာ ထားပြီးတော့ ကြိုးစားလည်းဆိုတာကို ပြည်သူတွေက ဆုံးဖြတ်မှာပါ။ ကျမတို့က ဆုံးဖြတ်လို့ ရတာမဟုတ်ပါဘူး။ လူတဦးရဲ့ တန်ဖိုးဆိုတာ တနေ့တနေ့ ပြောင်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းနေ့တိုင်းဟာ နေ့အသစ်ပါ။ နေ့တိုင်းနေ့တိုင်းဟာ အခွင့်ကောင်းပါ။ အခွင့်အရေးအသစ်ပါ။ တနေ့ပြန်ပြီးတော့ တခါမိုးလင်းတာနဲ့ တခါ ကိုယ့်မှာ အခွင့်အရေးအသစ်တွေ ရလာတာပါ။ အခွင့်အရေးအသစ်တွေကို ကျမတို့ ထိုက်ထိုက်တန်တန် သုံးကြပါလို့ ကျမတိုက်တွန်းချင်ပါတယ်။ ဒီလိုအခွင့်အရေးအသစ်တွေ ထိုက်ထိုက်တန်တန်သုံးခြင်းအားဖြင့် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ အခုပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့ တိုက်ခိုက်တာတို့လည်း ပါသွားပါတယ်။ ကျမကတော့ ဒီလိုဖြစ်တာဟာ ဘာမှ ကြောက်စရာမရှိဘူးလို့ ကျမက ဒီလိုပဲ ယုံကြည်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ပြဿနာကို စိုးရိမ်စရာမရှိပါဘူး။ ပြဿနာမရှိချင်ယောင် ဆောင်နေရတာကသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာ မရှိ ချင်ယောင် ဆောင်နေလို့ရှိရင်တော့ ပြဿနာတွေ ကျမတို့ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သတ္တိရှိရှိနဲ့ ကျမတို့ ဒီပြဿနာတွေကို ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကို ကျမတို့မွေးထုတ်မယ်။ ကျမတို့အတူလက်တွဲပြီးတော့ တဦးကိုတဦး ကူညီမယ်၊ ဖေးမမယ်။ တဦးရဲ့အမြင်ကို တဦးကလေးစားမယ်။ နားထောင်မယ်။ သဘောချင်း မတိုက်ဆိုင်ရင်တောင်မှ ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောတွေရှိနေတာလည်းဆိုတာကို စဉ်းစားရမယ်။ ဒါမှ ကျမတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျမကိုယ် တိုင်ကတော့ ဒီအစည်းအဝေးကို နေ့တိုင်းလည်း မတက်ခဲ့ပါဘူး။ ပထမ ဖွင့်ပွဲနေ့နဲ့ ဒီအစည်းအဝေးပြီးတဲ့အချိန်မှာ လာပြီးတော့ ကျေးဇူးတင်ကြောင်း လာပြောတာဖြစ်ပါ တယ်။ ဒီလိုလုပ်ခြင်းဟာ ကျမအနေနဲ့ ဒီဖြစ်စဉ်ကြီးကို အလေးမထားလို့ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်ကြီးကို အင်မတန်မှ အလေးထားပါတယ်။ ဒါပေမယ့်လည်း ကျမတို့ရဲ့ မူတခုက ဘာလဲဆိုတာ ကျမတို့နိုင်ငံရဲ့ အဓိကအင်အားဟာ ဘယ်မှာရှိလဲဆိုတော့ ပြည်သူထဲမှာ ရှိတယ်ဆိုတဲ့ မူပေါ်မှာ ကျမတို့ အခြေခံပါတယ်။ နိုင်ငံ့ခေါင်းဆောင်ကြီးတွေဆီမှာ အဓိက အင်အားမရှိပါဘူး။ နိုင်ငံခေါင်းဆောင်လုပ်တဲ့သူများ နိုင်ငံကိုဦးဆောင်တဲ့ အစိုးရအဖွဲ့ဆိုတာဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီစွာ၊ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ဟာ အကြီးမားဆုံး တာဝန်ဖြစ်ပါတယ်။ ကျမတို့က လိုအပ်တဲ့အချိန်မှာ ပံ့ပိုးပေးမယ်။ လိုအပ်တဲ့အချိန်မှာ ပြည်သူလူထုရဲ့ ဆန္ဒတွေ အောင်မြင်ဖို့အတွက် နောက်ကနေဆိုလည်း နောက်ကနေပေးမယ်။ အရှေ့ကခံဆိုရင်လည်း အရှေ့က ခံပေးမယ်။ ဒါဟာ အစိုးရကောင်းများရဲ့ တာဝန်ဖြစ်ပါတယ်။ ကျမတို့ ဟာ အစိုးရကောင်းတခုဖြစ်ဖို့ ကြိုးစားနေပါတယ်။ ပြည်သူထူထုတွေ လိုချင်တဲ့ ငြိမ်းချမ်း ရေးရနိုင်ဖို့ အရှေ့ကနေ ဦးဆောင်ပြီးတော့ ခံပါဆိုရင်လည်း အရှေ့ကနေ ဦးဆောင်ပြီး ခံပါ့မယ်။ အနောက်ကနေပြီးတော့ ခံပြီးတော့ ကာပါဆိုရင်လည်း အနောက်ကနေပြီးတော့ ကျမတို့ခံပြီးတော့ ကာပါ့မယ်။ ဒီလိုစိတ်ထားနဲ့ ကျမတို့အစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေးညီလာခံကြီး အောင်မြင်ဖို့အတွက် ၂၁ ပင်လုံဟာ အရင်ကျမတို့ ၁၉၄၇ ခုနှစ် တုန်းက ကျင်းပခဲ့တဲ့ ပင်လုံလိုပဲ။ ကျမတို့နိုင်ငံရဲ့ သမိုင်းမှာ ၀င့်ကြွားစရာ၊ ဂုဏ်ယူစရာ၊ အားတက်စရာ အခမ်းအနားကြီးတခု ဖြစ်နိုင်ဖို့အတွက် အခင်းအကျင်းကြီးတခု၊ ဖြစ်စဉ်ကြီးတခု ဖြစ်နိုင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ ကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ------------------------------------------ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ လေးရက်တာ  ကျင်းပခဲ့တဲ့  ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င်  ပြည်တွင်းပြည်ပ ဧည့်သည်တော်တွေ စုစုပေါင်း ၁၄၀၀ လောက် တက်ရောက်ခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024