Home
မြန်မာသတင်း
ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့ကို ရခိုင်အမျိုးသားပါတီ တွေ့ဆုံမည်မဟုတ်
DVB
·
September 3, 2016
လာမယ့် စက်တင်ဘာ ၆ ရက်နေ့မှာ ရခိုင်ပြည်နယ်ကိုလာမယ့် ကိုဖီအာနန် ဦးဆောင်ပါဝင်တဲ့ အကြံပေးကော်မရှင် အဖွဲ့ကို ရခိုင်အမျိုးသားပါတီ (အေအန်ပီ) က တွေ့ဆုံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) အထွေထွေအတွင်းရေးမှူး ဦးထွန်အောင်ကျော်က “ကျနော်တို့ စစ်တွေမှာ ကော်မရှင်အဖွဲ့အနေနဲ့ကြတော့ တွေ့မယ်မဟုတ်ဘူး။ ဘာဖြစ်လဲဆိုတော့ ရခိုင်အမျိုးးသားပါတီက သဘောထား ကြေညာချက်ကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီကြေညာချက်ထုတ်ပြန်တဲ့အတိုင်းပါပဲ။ ဒီလိုထုတ်ပြန်ထားတာကို ကျနော်တို့အနေနဲ့ တွေ့မယ်ဆိုရင်တော့ အပြောနဲ့အလုပ်မညီညာဖြစ်သွားမယ်။ သူတို့နဲ့တွေဖို့အစီစဉ်တော့ မရှိဘူး” လို့ ပြောပါတယ်။ ကော်မရှင်အနေနဲ့မဟုတ်ဘဲ အလွတ်သဘောမျိုးအနေနဲ့ တွေ့ဆုံမယ်ဆိုပါက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဂုဏ်သိက္ခာကို လေးစားတဲ့အနေနဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးထွန်းအောင်ကျော်ကပြောပါတယ်။ ကိုဖီအာနန်အနေနဲ့ သူ့ရဲ့ခရီးစဉ်မှာ ရခိုင်ပြည်နယ်က အရက်ဘက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှာဖြစ်ပြီး ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ တွေ့ဖို့မတွေဖို့ကို ဆုံးဖြတ်ချက်မချသေးတဲ့အပြင် တွေ့ဖို့တရားဝင် ဖိတ်ခေါ်ထားတာလည်း မရှိသေးဘူးလို့ စစ်တွေမြို့ ဦးသန်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့က အချက်သုံးချက်အနေနဲ့ပြောလို့ရပါတယ်။ ရခိုင်ပြည်နယ်အရေးကို နိုင်ငံခြားသား တာဝန်ပေးခန့်လိုက်တာကတော့ ရခိုင်ဒေသခံတိုင်းရင်းသားတွေကတော့ ကျေနပ်နှစ်သက်ခြင်းတော့မရှိပါဘူး။ နောက်တချက်ကတော့ ကိုဖီအာနန်နားထဲကို ရခိုင်တို့ ရဲ့သမိုင်းကြောင်းအမှန်ကို ရခိုင်တို့ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့အနေ အထားခံစားချက်တွေ၊ နစ်နာဆုံးရှုံမှုတွေ၊ ရခိုင်တို့ရဲ့ ကျူးကျော်ခံနေရမှုတွေကို သူ့ရဲ့နား ထဲကို မှန်မှန်ကန်ကျန်ရောက်သွားဖို့တော့ လိုအပ်ပါတယ်။ တတိယတချက်ကတော့ တွေ့ဖို့မတွေ့ဖို့ဆိုကတော့ ကျနော်တို့ကို တရားဝင်လည်း ဖိတ်ခေါ်ထားတာလည်း မရှိသေးဘူး။ တွေ့သင့်မတွေ့သက်ကို လူ့မှုအဖွဲ့အစည်းရှေ့မှာ ညှိနှိုင်ဆွေးနွေပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်။” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် ကိုဖီအာနန်  ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အဖွဲ့ဝင် ၉ ဦးနဲ့ မြန်မာအစိုးရက ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ရက်စွဲနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ ရခိုင်ဒေသရှိ ပြည်သူတွေရဲ့ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ၊  ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံလူမှု ၀န်ဆောင်မှုတွေ ရရှိရေးကိစ္စတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာမှု အကူအအညီတွေ ပံ့ပိုးရေး၊ အခွင့်အရေးတွေနဲ့ ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး စတာတွေကို လေ့လာသုံးသပ်အကြံပြုရမှာ ဖြစ်ပါတယ်။ သတင်း - ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024