မန္တလေး-တကောင်း-ဗန်းမော် မဟာဗျူဟာလမ်းတံတားပြင်နေလို့ ခရီးသည်တွေအခက်အခဲဖြစ်
ထွန်းထွန်းသိန်း
·
September 2, 2016
မန္တလေး-တကောင်း-ဗန်းမော် မဟာဗျူဟာလမ်းမကြီးမှာပါဝင်တဲ့ ပျဉ်ထောင်လေးကျေးရွာနဲ့ ရွှေလီတံတား-ငါးအိုး ကြားမှာရှိတဲ့တံတားတွေ ပြင်ဆင်နေမှုကြောင့် ခရီးသွားပြည်သူတွေ သွားလာရေး ခက်ခဲနေကြပါတယ်။
လက်ရှိမှာ မိုးတွင်းကာလဖြစ်ပြီး ရွှံ့တွေဗွက်တွေများပြားတဲ့ လမ်းလွှဲကနေသာ ဒေသခံတွေနဲ့ အဝေးပြေးကားတွေ သွားလာနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိတံတား ၃ စင်းဖျက်ပြီး လမ်းလွဲကို သေချာမလုပ်ထားတာကြောင့် ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေက ကရိန်းကားတွေကိုအခကြေးငွေပေးပြီး လမ်းဖြတ်ကူးနေရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ဒီဗီဘီကိုပြောပါတယ်။
မန္တလေး-တကောင်း-ဗန်းမော် မဟာဗျူဟာလမ်းဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မန္တလေးမြို့ကနေစစ်ကိုင်းတိုင်းကသာမြို့ ကချင်ပြည်နယ် ရွှေကူ- ဗန်းမော်စတဲ့ မြို့တွေက အဓိကဆက်သွယ်ပေးနေတဲ့ လမ်းမကြီး တခုဖြစ်ပါတယ်။
နှစ်စဉ်မိုးရာသီရောက်တိုင်း တံတားတွေပျက်ဆီးခြင်း၊ ရွှံနွံထူထပ်ခြင်းကြောင့် ခရီးသွား ကားတွေ ညအိပ်စောင့်ရတာတွေရှိတယ်လို့ ကချင်ပြည်နယ်ကနေမန္တလေးမြို့ကို ကူးသန်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ဓာတ်ပုံ - စိုပြေ (facebook)