Home
မြန်မာသတင်း
မူဆယ်တွင် ငွေကျပ်သိန်းပေါင်း ၁ သောင်းခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
September 1, 2016
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့မှာ   ငွေကျပ်သိန်းပေါင်း ၉,၇၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့  ဘိန်းဖြူဘလောက်တုံးတွေ  ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သြဂုတ် ၃ဝ ရက်က တရုတ်နိုင်ငံ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(NNCC) နဲ့ မူးယစ်တပ်ဖွဲ့စု ၂၂ မူဆယ်တို့ရဲ့  သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ချက်အရ မြန်မာနိုင်ငံသား နိုင်ယိုးကို တရုတ်နိုင်ငံ ရွှေလီမှာ ဖမ်းမိခဲ့ပါတယ်။ သူ ငှားရမ်းနေထိုင်တဲ့ မူဆယ်မြို့၊ ကောင်းမှုလွယ် ရပ်ကွက်ရှိ တိုက်တန်းလျားက အခန်းကို ရှာဖွေရာမှာ ဒေသတန်ဖိုးငွေကျပ် ၂,၈၅ဝ သိန်းလောက်ရှိတဲ့  စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀,၀၀၀ ပြားကို ဖမ်းမိတယ်လို့ ဆိုပါတယ်။ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ တိမ်းရှောင်နေတဲ့ မရန်ပေါင်းမေရဲ့ အခန်းကို ဆက်လက် ရှာဖွေရာမှာလည်း အိပ်ခန်းအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၉၈ တုံး၊ ဘိန်းဖြူဆပ်ပြာခွက် ၃ ခွက်၊ ဘိန်းဖြူအလေးချိန် ၃၄ ဒသမ ၃၃၆ ကီလို (တန်ဖိုး ငွေကျပ် ၆,၈၆၇ ဒသမ ၂ သိန်း)၊ မြန်မာငွေ ၁၃သိန်းကျော်၊ တရုတ်ငွေ ၈၅,ဝဝဝ ယွမ်၊ ရွှေထည် ပစ္စည်းမျိုးစုံ အလေးချိန် ၂၉၄ ဒသမ ၄၇ ဂရမ်တို့ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါ့အပြင် မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်သူ  မူဆယ်မြို့၊ ကောင်းမှုလွယ် ရပ်ကွက်နေ မစိန်နီထွေးရဲ့ နေအိမ်ကို ရှာဖွေရာမှာ မူးယစ်ဆေးဝါး မတွေ့ရှိပေမယ့် အိပ်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ မြန်မာငွေကျပ် ၁ဝ သိန်း၊ တရုတ်ယွမ် ၇၅,ဝဝဝနဲ့  လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုင်ယိုး (၃၁)နှစ်၊ မရန်ပေါင်းမေ (၃၆)နှစ် နဲ့ မစိန်နီထွေး(ခ)အားဖန် (၂၆) နှစ်တို့ (၃) ဦးကို  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား တယ်လို့သိရပါတယ်။ အလားတူ မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တန်ချွန်းမြို့မှာလည်း မြန်မာနိုင်ငံက မှောင်ခိုတင်သွင်းလာတဲ့ ဘိန်း ၇၅ ကီလိုဂရမ် ဖမ်းမိတယ်လို့ တရုတ်အစိုးရပိုင် တရုတ်ပြည်သူ့နေ့စဉ် သတင်းမှာဖော်ပြပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့က  ထောက်လှမ်းရေးသတင်းအရ ဖမ်းဆီးခဲ့ရာမှာ ဘိန်းဖြူ ထုပ် ၆ ထုပ်နဲ့ သံသယရှိသူ တဦးကို ဖမ်းမိပြီး စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024