မုန်တိုင်း ရခိုင်ကမ်းရိုးတန်းတဝက်ကို တိုက်ခတ်နေပြီ
DVB
·
October 19, 2011
မုန်တိုင်း ရခိုင်ကမ်းရိုးတန်းတဝက်ကို တိုက်ခိုက်နေပြီ
မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်
ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်းတိုက်ခတ်နေတဲ့ မုန်တိုင်းဟာ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကမ်းရိုးတန်းတဝက်ထိ ဖြတ်သန်းတိုက်ခတ်နေပြီး လေတိုက်နှုန်း မိုင် ၆၀-၇၀ ထိ တိုက်ခတ်နေတယ်လို့ မိုးလေဝသဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
ဦးချစ်ကျော်ကို မုန်တိုင်းအခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။
အခုနောက်ဆုံး မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅မိနစ်ပေါ့။ ဆရာတို့ အဲဒီအချိန်အရ မုန်တိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုသတင်းထုတ်ပြန်ထားသလဲ။
“နောက် ၁၂ ရာရီအတွင်း ကမ်းဖြတ်မယ်။ အခုလောလောဆယ်တော့ ကမ်းကို တဝက်လောက်ဖြတ်နေပြီ။ ဒါပေမယ့် ဗဟိုချက်တော့ မဖြတ်သေးဘူး။ ကမ်းဖြတ်ရင် လေတိုက်နှုန်းတွေလည် နည်းနည်းများမယ်။ ၆၀၊ ၇၀ လောက်တိုက်မယ်။ ပြီးလို့ရှိရင် မုန်တိုင်းဒီရေတက်မယ့် ခရိုင်တွေ မောင်တောခရိုင်ပေါ့။ အဲ့ကလူတွေ ဘေးလွတ်ရာကို သွားပါ။ ရွှေ့ပါဆိုပြီး ထုတ်လိုက်ပါတယ်။”
ဒီမုန်တိုင်းက ဒီညမှာပဲ အားပျော့ပျက်ပြယ်သွားဖို့ ရှိလား။ ဘယ်လိုအခြေအနေ မြင်ရလဲ။
“မနက်လောက်အထိတော့ သွားနေမယ်။ မနက်ဖြန် ၁၁ နာရီ။ ၁၂ နာရီလောက်ထိ သွားမယ်။ သွားတယ်ဆိုတာတော့ အဲဒီအခါကျတော့ ကမ်းကိုကျော်ပြီးတော့ အတွင်းထဲကိုရောက်မယ်။”
လေတိုက်နှုန်းကကော ဒီထက်တိုးလာစရာ ရှိပါသေးလား။
“ကျနော်တို့ဘက်ခြမ်းက ၆၀-၇၀ ပဲ။ ဘင်္ဂလားဒေ့ရှ်ဘက်တော့ သိပ်မတိုက်ဘူး။ ကျနော်တို့ဘက်ကတော့ နည်းနည်းများတယ်။”
ဆရာတို့ အခုသိရသလောက် မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးမှုတွေ ဘာတွေရှိတယ်လို့ ကြားရလဲ။
“မကြားရသေးဘူး။ လူတွေရွှေ့ပြောင်းတာတို့ ဘာတို့လုပ်နေကြတုန်း။”
အဓိက ဘယ်မြို့တွေဖြစ်မလဲ။ ထပ်ပြောပေးပါ။
“မောင်တောမြို့ပါ။ မောင်တောမြို့နဲ့ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေပေါ့။”
ဒီမုန်တိုင်းနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပြောသင့်တာလေး ပြောပေးပါ။
“သက်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်တားဆီးရေး အဖွဲ့တွေရဲ့ လမ်းညွှန်ချက်အတိုင်း သူတို့ရွှေ့ခိုင်းတဲ့နေရာတွေကို ရွှေ့ပြီးတော့ ဒီလုံခြုံတဲ့ နေရာတွေမှာနေပါလို့။ နောက်တချက် မိမိပစ္စည်းဥစ္စာတွေကို သေသေချာချာ သိမ်းဆည်းပါလို့ နေ့ခင်းသုံးနာရီလောက်က ရေဒီယိုကနေ တိုက်ရိုက် ကျနော်ပြောထားတယ်။”
မုန်တိုင်းအရှိန်လျှော့၊ ယနေ့ည အားပျော့ပျက်ပြယ်နိုင်ဟု ဦးထွန်းလွင် ပြောကြား
မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ် အချိန် ဆက်သွယ်မေးမြန်းချက်
မုန်တိုင်းဟာ အရှိန်လျှော့သွားပြီး ဒီနေ့ညမှာ အားပျော့ပျက်ပြယ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
မြန်မာစံတော်ချိန် ၄း၁၅ ခန့်မှန်းချက်ပေါ့။ မုန်တိုင်းနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေလေး သိပါရစေ။
“အခြေအနေကောင်းတယ်ခင်ဗျ။ အားပိုကောင်းမသွားဘဲ အားတောင်လျော့သွားတယ်။ မုန်တိုင်းက ဖြတ်နေပြီ မောင်တောနဲ့ ကော့ဘဇားကြားထဲမှာ လေတိုက်တယ်။ ဒီနေ့ညဆိုရင် အားလုံးပြီးသွားမယ်ထင်ပါတယ်။”
အခြေအနေ သိပ်မဆိုးဘူးဆိုတာ ဘယ်လောက်နဲ့ ဖြတ်သွားမှာလဲ လေတိုက်နှုန်းက။
“လေတိုက်နှုန်းက အလွန်ဆုံးရှိရင် လွန်ရောကျွံရော ၅၀ လောက်ပဲ။ အဲဒီထက် နည်းဖို့များတယ်။”
မိုးလေဝသဌာနက အနီရောင်အဆင့်လို့ သတ်မှတ်တယ်လို့ ဖတ်ရပါတယ်။ အဲဒါဘာကို ဆိုလိုတာလဲ။
“အနီရောင်အဆင့်ဆိုတာ ကမ်းခြေကို ဖြတ်တာ၊ ၁၂ နာရီအတွင်းဖြတ်တော့မယ်ပြောတာ။ အမှန်ကတော့ ဖြတ်နေပါပြီ။”
ဒီမုန်တိုင်း ဘယ်အချိန်လောက်မှာ ဘယ်လိုပျက်ပြယ်သွားနိုင်လဲ။
“ဒီနေ့ညဆို နောက်ဆုံးထင်တာပဲ။ ည ၁၀ နာရီဝန်းကျင်လောက်ဆို ရှင်းသွားမယ်ထင်တယ်။”
ဒီမုန်တိုင်းနဲ့ ပတ်သက်လို့ မုန်တိုင်းဖြတ်မယ့်ဒေသက လူတွေကို ဘာသတိပေးချင်ပါလဲဆရာ။
“သတိပေးချင်တာတော့ အဓိက အသက်အန္တရာယ် ရှိနိုင်တာတော့ ပင်လယ်ထဲသွားတဲ့ ကိစ္စတခုပဲရှိတယ်။ ကုန်းပေါ်မှာနေလို့တော့ လူအသက်အန္တရာယ် ရှိလောက်တာ ဘာမှမတွေ့ဘူး။ လေကတော့ ဒီလောက်တိုက်တာနဲ့ ပြိုကျတာတွေ မဖြစ်နိုင်ဘူး။ အဓိကတော့ ပင်လယ်ပဲ။ လေကလည်း ၅၀၊ ၆၀ လောက် ဥပမာထားမယ်ဆိုရင် လှိုင်းကတော့ ကြီးမယ်။ ပင်လယ်မှာ ကြီးတာကို ပြောတာပါ။ ကုန်းပေါ်တော့မတက်ဘူး။ အဲဒါတော့သေချာတယ်။ နာဂစ်လို ကုန်းပေါ်တက်တာတွေ ဘာတွေမရှိနိုင်ဘူး။ သတိပေးချင်တာတော့ ပင်လယ်ပြင်ကို မသွားဖို့ပဲ။ ဒါပေမယ့် ခုလောက်ဆိုရင်တောင် ပြီးလောက်ပါပြီ။ အဲတော့ ပင်လယ်ပြင်ရှောင်ပါလို့ပဲ ပြောချင်တယ်။”
၇၅ တို့၊ ၈၀ တို့ မဖြစ်နိုင်တော့ဘူးပေါ့။
“လုံးဝမဖြစ်နိုင်ပါဘူး။”
ရခိုင်ကိုဝင်မည့်မုန်တိုင်း အနီရောင် အရေးပေါ်အခြေအနေရောက်
ညနေ ၄းဝဝ နာရီ
ရခိုင်ပြည်နယ် မောင်တောမြို့ အနောက်ဘက် ၃၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုမုန်တိုင်းဟာ အနီရောင်အဆင့် အရေးပေါ်အခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး ဒီနေ့ ညနေက နောက် ၁၂ နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ဘက်ကမ်းခြေ မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ စစ်တကောင်းမြို့အကြားက ကုန်းတွင်းကို ဖြတ်ကျော်ဝင် ရောက်မယ်လို့ ခန့်မှန်းကြောင်း မိုး-ဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီညနေ ၃း၃၀ နာရီ တိုင်းထွာချက်အရ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီမုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်မြေပြင်လေဟာ တနာရီ မိုင် ၆၀ - ၇၀ ထိ တိုက်ခတ် နိုင်ပါတယ်။ ကမ်းခြေကို မုန်တိုင်းဖြတ်ကျော်ချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေဒေ သတွေမှာ မုန်တိုင်းဒီရေ ၆ ပေကနေ ၈ ပေအထိ တက်နိုင်တယ်၊ ရခိုင်ကမ်းရိုးတန်းနေ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရာကို ကြိုတင်ရှောင်ရှားပါလို့ မိုး-ဇလက သတိပေးထားပါတယ်။
ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်ရောက်မည် - ကြိုတင်ရှောင်ရှားရန် မိုး-ဇလ သတိပေး
၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၃း၀၀ နာရီ
ရခိုင်ကမ်းရိုးတန်းကို ဒီနေ့မွန်းတည့်ကနေ နောက် ၃၆ နာရီအတွင်း မုန်တိုင်း ၀င်ရောက်မှာဖြစ်လို့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားဖို့ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက သတိပေးလိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ဘက်က လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိပြီဖြစ်ပြီး စစ်တွေမြို့အနောက်ဘက် မိုင် ၁၆၀ လောက်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေတယ်လို့ မိုး-ဇလက သတင်းထုတ်ပြန်ပါတယ်။
လိမ္မော်ရောင်အဆင့် မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ဦးတည်လာနေပြီး နောက် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း မောင်တောမြို့ နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကြားသို့ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်း ထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။
မိုးသက်လေပြင်းကျရောက်စဉ်မှာ ရေပြင်မြေပြင်လေဟာ တနာရီကို မိုင် ၅၀ ကနေ မိုင် ၆၀ နှုန်းအထိ တိုက်ခတ်နိုင်ပါတယ်။ မုန်တိုင်းကမ်းကိုဖြတ်ကျော်ချိန်မှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ မုန်တိုင်း ဒီရေဟာ ၆ ပေကနေ ၈ အပေထိ တက်နိုင်တယ်လို့လည်း မိုး-ဇလ က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်နဲ့ မွန်းလွဲ ၁း၃၀ မှာ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားထောင်နိုင်ပါတယ်။
၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀
ရွှေအောင်
တနာရီ ၇၅ မိုင်နှုန်း ပြင်းအားရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားပါတယ်။
မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကို ဆက်သွယ်မေးမြန်းချက်။
ဒီဗွီဘီ - စစ်တွေမှာတော့ လေတော်တော်တိုက်နေတယ်လို့ မြို့ခံတွေပြောလို့ သိရပါတယ်။ မုန်တိုင်း နောက်ဆုံးအခြေအနေ သိပါရစေ။
ဦးထွန်းလွင် - မုန်တိုင်းက ဒီနေ့လည်ကတည်းက မုန်တိုင်းအဖျားခတ်နေပြီလေ။ ၀င်မှာကတော့ ညနေပိုင်း ငါးနာရီခြောက်နာရီလောက် ဗဟိုချက် ဖြတ်လိမ့်မယ်ထင်တယ်။ ရခိုင်မြောက်နဲ့ ဘင်္ဂလားဒေ့ရှ်။ ဦးတည်တာကတော့ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားပဲ။ မုန်တိုင်း ညာဘက်တခြမ်းလုံးက ရခိုင်မြောက်ကို ဖုံးအုပ်ပြီးဖြတ်မယ်ဆိုတော့ ရခိုင်လည်း ပါတယ်ပေါ့ဗျာ။
ဒီဗွီဘီ - လေတိုက်နှုန်းက ဘယ်လောက်လောက်ဖြစ်နိုင်လဲ။
ဦးထွန်းလွင် - လေတိုက်နှုန်းက လောလောဆယ် မိုင် ၅၀ ပဲဗျ။ တနာရီမိုင် ၅၀။ သိပ်တော့လဲ ပြင်းပြင်းတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ဒီနေ့လယ်ပိုင်းတပိုင်းလုံး ရှိသေး တော့ ညနေပိုင်းမှာ တိုးတက်ပြီး ဖြစ်လာတယ်ဆိုရင်တော့ ၇၀ လောက်များ ဖြစ်သွားမလား မပြောတတ်ဘူး။ လောလောဆယ်တော့ မဖြစ်သေးဘူး၊ ကျနော်မှန်းထားတာပါ။
ဒီဗွီဘီ - ဆရာ့ဝက်ဘ်ဆိုက်မှာ ရေးထားတာ ဒီနေ့နေ့လယ်ပိုင်းမှာ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်ဆိုတာက ဘယ်လောက်ထိဖြစ်နိုင်ပါလဲ။
ဦးထွန်းလွင် - ဟုတ်တယ်။ U.S (အမေရိကန်) ကလည်း အဲဒီအတိုင်း ခန့်မှန်းတယ်။ ကျနော်လည်း အဲဒီအတိုင်း ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်ခင်ဗျ။
ဒီဗွီဘီ - ဆိုင်ကလုန်းဖြစ်မယ်ဆို ဘယ်အချိန်လောက် ဖြစ်နိုင်မလဲခင်ဗျ။
ဦးထွန်းလွင် - ၂း၀၀ နောက်ပိုင်း ၃း၀၀ နာရီ ၄း၀၀ နာရီ အဲဒီအချိန်တွေက ဖြစ်တတ်တဲ့ အချိန်တွေဗျ။ အများဆုံးဖြစ်နိုင်တာကတော့ ၄း၀၀ နာရီလောက်ဖြစ်နိုင်တယ်။
ဒီဗွီဘီ - လေတိုက်နှုန်းက ဘယ်လောက်ဖြစ်သွားနိုင်လဲ။
ဦးထွန်းလွင် - တနာရီ ၇၅ မိုင်နှုန်းလောက် ဖြစ်သွားနိုင်တယ်ဗျ။
ဒီဗွီဘီ - အဓိက ဘယ်မြို့တွေ ဖြစ်နိုင်လဲ။
ဦးထွန်းလွင် - အဓိကကတော့ စစ်တွေ၊ မောင်တော၊ ရမ်းဗြဲတို့ဗျ။ လေတိုက်နှုန်း ၇၅ ဖြစ်လာပြီး ရေမတက်ဘူးဆိုရင် ကုန်းပေါ်မှာနေကြရင် အန္တရာယ်ကင်းပါလိမ့်မယ်ဗျ။
(ထပ်မံရရှိတဲ့ နောက်ဆုံးသတင်းတွေကို ဆက်လက်ဖော်ပြသွားပါမယ်။)
စစ်တွေမြို့ခံတဦးကို ဆက်သွယ်မေးမြန်းချက်
အေးနိုင် ၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀
ဒီဗွီဘီ - စစ်တွေက လေပြင်းတိုက်ခတ်မှု အခြေအနေကို ပြောပြပါ။
“ဟုတ်ကဲ့။ လေပြင်းတိုက်တယ်ဗျာ။ မိုးရွယ်တယ်ခင်ဗျာ။ ဒီတမနက်လုံး ရွာနေပါတယ်ခင်ဗျာ။ ရေတော့ မကြီးပါဘူးခင်ဗျာ။ မိုးကြီးလို့ ရေအများကြီး ရောက်နေပါတယ်။ ပလက်ဖောင်းတွေဘာတွေမြုပ်တာပေါ့။ လေကတော့ တိုက်နေတယ်။
ဒီဗွီဘီ - မုန်တိုင်းဝင်မယ်ဆိုတာတွေဘာတွေ သိသလား။
“၁၁ နာရီ မြန်မာ့အသံက လာတာ နားထောင်လိုက်တယ်။ သူတို့က မနက် ၆း၀၀ နာရီ တိုင်းထွာချက် အရ လေဖိအားနည်းရပ်ဝန်း ရှိတယ်တော့ ပြောတာပဲ။ မုန်တိုင်းတော့ ဘာမှ မပြောသွားဘူးဗျ၊ ကျနော်တို့ ထင်တာက မုန်တိုင်းတော့ ရှိတယ်ထင်တာပဲ။ အခြေအနေက တော်တော်လေးဆိုးနေပါတယ်ခင်ဗျ။ ဒီမှာတော့ လေတိုက်နှုန်း ၃၀ - ၄၀ ပတ်ဝန်းကျင်ပေါ့ဗျာ။
ဒီဗွီဘီ - မနေ့ညက စစ်တွေကမ်းနားဘက် ဈေးတန်းမှာ အဆောက်အဦ နည်းနည်းပါးပါး ပြိုသွားတယ် ကြားတယ်။
“ဒီမနက် ဈေးမှာတွေ့တာက အမိုးတွေဘာတွေ လန်သွားပြီးတော့ ပြုတ်ကျတာ လူတော့ထိခိုက်မှု မရှိဘူး၊ မနက် ခြောက်နာရီခွဲတုန်းကလည်း လေဆင်နှာမောင်း နည်းနည်းဝှေ့သွားတယ်။ ကျောင်းတက်လက်ရပ်ကွက်။ ရွာကြီးတောင် စတဲ့နေရာတွေမှာပါ နည်းနည်းပါးပါးပါ၊ သွားတော့မကြည့်ရသေးပါဘူးဗျာ။ မိုးက တအားရွာနေလို့။
ဒီဗွီဘီ - အကိုတို့စစ်တွေသားတွေ ဘယ်လိုပြင်ထားကြလဲ။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပြီနော် ‘မုန်တိုင်းဝင်နိုင်တယ်’လို့။
“ကျနော်တို့လည်း ဒီတမနက်လုံး ရေဒီယိုဖွင့်ထားတာပဲဗျာ။ မုန်တိုင်းလာမယ် ဆိုတာ ဘယ်သူမှ မကြေညာသေးဘူးဗျ။ ဒါပေမယ့် ဦးထွန်းလွင်ပြောတာက သေချာသလောက် ဖြစ်နေပါပြီ၊ တလောကတည်းက သူပြောထားတယ်လေ ‘မုန်တိုင်းတလုံးလာလိမ့်မယ်’ဆိုတာ။ ကျနော်တို့လည်း အခုတောင် မုန်တိုင်းလာလိမ့်မယ် ထင်တာပါပဲ။ လေလည်း တော်တော်လေးတိုက်နေတယ်။
၁၉ အောက်တိုဘာ ၂၀၁၁ မွန်းတည့် ၁၂းဝဝ နာရီ
အေးနိုင်
ရခိုင်ပြည်နယ် စစ်တွေမှာ မနေ့က လေပြင်း တိုက်ခတ်သွားပြီး ဒီနေ့မွန်းတည့် မတိုင်ခင်မှာ လည်း လေပြင်းထပ်တိုက်နေတယ်လို့ စစ်တွေမြို့ခံက ပြောပါတယ်။
“စစ်တွေမှာ ည ၁၁ နာရီလောက်က နည်းနည်းလေပြင်း ဝင်သွားပါတယ်။ မုန်တိုင်း တော့မဟုတ်ဘူး ဒါပေမယ့်အခြေအနေ နည်းနည်းဆိုးပါတယ်။ တနာရီကို မိုင် ၄၀ နှုန်းလောက်တော့ တိုက်နေပါတယ်။ ကမ်းနားပိုင်းက ဈေးပိုင်းတွေ နည်းနည်းပျက်စီးသွား ပါတယ်။ လူတယောက်မှ မသေပါဘူး။ အခု ဖုန်းပြောနေချိန်မှာ လေနည်းနည်းကြမ်းလာပါ တယ်။ မိုးအရမ်းရွာပါတယ်။ ကျနော်တို့ အခုခန့်မှန်းတာတော့ လေတိုက်နှုန်းက ၃၅ နဲ့ ၅၀ ကြား ရှိပါတယ်။”
လက်ရှိ လေပြင်းတိုက်နေပုံနဲ့ဆိုရင် စစ်တွေလေဆိပ်ကို ဒီနေ့ လေယာဉ်ဆင်းနိုင်ဖွယ်မရှိဘူးလို့လည်း စစ်တွေမြို့ခံက ပြောပါတယ်။
“တချို့မူလတန်းကျောင်းတွေက ကလေးတွေကို အိမ်ပြန်ခိုင်းပါတယ်။ အသွားအလာကတော့ သွားလို့မရလောက်အောင် လေပြင်းလာပါတယ်။ နည်းနည်းအခြေအနေဆိုးနေပါတယ်။ ဒီပုံဆို လေယာဉ်မဆင်းနိုင်ပါဘူး။”
ကျောက်ဖြူမြို့မှာလည်း လေပြင်းစတိုက်နေတယ်လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်တခုဟာ အောက်တိုဘာ ၂၁ ရက် (သောကြာ) နေ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းနားကို ကပ်ပြီးဖြတ်သန်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောကြားထားပါတယ်။
မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်
မိုး-ဇလ ကြေညာချက် မနက် ၉း၃၀
ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန အင်တာနက် ၀က်ဘ်ဆိုက်မှာ ကြေညာပါတယ်။
ဒီနေ့မနက် ၉း၃၀ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုး-ဇလကြေညာချက်က ဆိုပါတယ်။
ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့လည်း ဆိုပါတယ်။
http://www.moezala.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေပြည်တော်
နေ့စဉ်မိုးလေ၀သ သတင်း
၂၀၁၁ အောက်တိုဘာ ၁၉ ရက် နံနက် ၇း၀၀နာရီ ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော် အခြေအနေ
ယနေ့နံနက် မြန်မာစံတော်ချိန် ၀၅၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်း ရှိမရှိ စောင့်ကြည့်လျက်ရှိပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေထိ ခန့်မှန်းချက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည် နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်
ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ ကျန် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်
မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။