Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတွင် စီအက်စ်အိုအဖွဲ့များကို ဖိတ်ကြား
အေးနိုင်
·
August 30, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံတက်ရောက်ဖို့ ဖိတ်ကြားချက်အရ စီအက်စ်အို ကိုယ်စားလှယ် ၆ ဦးစေလွှတ်တက်ရောက်ကြမှာဖြစ်တယ်လို့ စီအက်စ်အိုဖိုရမ်ဖြစ်မြောက်ရေးပြောခွင့်ရ ကိုသွင်လင်းအောင်က ပြောပါတယ်။ ကိုသွင်လင်းအောင်က “ကျနော်တို့ကို တနေ့ကညနေမှာပေါ့နော် စပြီးတော့ သိရတာပေါ့။ ဖိတ်တယ်ဆိုတဲ့ဟာကို။ ဆိုတော့ စီအက်စ်အိုဖိုရမ်ဖြစ်မြောက်ရေးက အားလုံး ၆ ယောက်တက်ဖို့ ဖိတ်ပါတယ်။ ၆ ယောက်မှာ ၃ ယောက်ကတော့ ဖွင့်ပွဲပြီးသွားရင်လည်း observers (လေ့လာသူများ) အနေနဲ့ ဆက်ပြီး နေလို့ရတယ်။ နောက်ထပ် ၃ ယောက်ကတော့ ဖွင့်ပွဲပဲတက်ရမယ်ပေါ့နော်။ ဖွင့်ပွဲပြီးတာနဲ့ သူတို့ ပြန်လာဖို့ပေါ့။ အဲလိုမျိုး ကျနော်တို့ကို အကြောင်းကြားတဲ့အတွက် ကျနော်တို့ လူရွေးလိုက်တယ်ပေါ့နော်။ လောလောဆယ်မှာတော့ လေ့လာသူအနေနဲ့က ကိုနေလင်းစိုးရယ်၊ ကိုရဲမျိုးဟိန်းရယ်။ ကိုဟန်စိုးရယ်ပေါ့၊ ” လို့ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ ကနဦးပိုင်းက ညီလာခံနဲ့အပြိုင် စီအက်စ်အိုဖိုရမ်ကိုကျင်းပဖို့စီစဉ်ထားတာကြောင့် စီအက်စ်အိုတွေ ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ လက်ရှိ တပြိုင်နက်တည်းမကျင်းပနိုင်တာနဲ့ပတ်သက်လို့ ကိုသွင်လင်းအောင်က “စင်ပြိုင်မဟုတ်ဘူး။ သူက အပြိုင်ကျင်းပမယ်လို့ ပြောခြင်းက သူက အချိန်ကိုပြောတာလို့နားလည်တယ်လေ။ ဟိုဘက်က ၂၁ ရာစုပင်လုံသွားနေတဲ့အချိန်မှာ ဒီဘက်မှာလည်း တချိန်တည်းမှာပဲ ကျင်းပတယ်ဆိုတဲ့အနေမျိုး အဲလိုမျိုးပြောတာခင်ဗျ။ အစကတည်းကလည်း လောလောဆယ်ရှိနေတဲ့ နိုင်ငံရေးမူဘောင်ပေါ့ အရင်အစိုးရကတည်းက ရေးဆွဲခဲ့တာ။ အဲဒီကတည်းက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ပြည်ထောင်စုအဆင့်ညီလာခံတွေနဲ့ တချိန်တည်းမှာ လုပ်သွားမယ်ဆိုတဲ့သဘောရှိတယ်။ အခုကလည်း ကျနော်တို့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေထဲက တခုအနေနဲ့သွားတာဆိုတော့ အပြိုင်သွားတာဆိုတဲ့ အနှစ်သာရ၊ သဘောသဘာဝတော့ မပျောက်သေးဘူးလို့ ကျနော်တို့ယူဆတယ်။” လို့ပြောပါတယ်။ ညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့ထိ ကျင်းပမှာဖြစ်ပါတယ်။ ၂၁ ရာစု ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တနိုင်ငံလုံးအပစ်ရပ်စာချုပ် ထိုးတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော မထိုးတဲ့အဖွဲ့တွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေက “ညီလာခံတက်ရောက်သူများ” အဖြစ် တက်ရောက်ကြမှာဖြစ်ပါတယ်။ ညီလာခံကို ဦးစီးကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ရေးဆောင်ရွက်ကြဖို့ ညွှန်ကြားထားပြီး၊ လက်ရှိမှာတော့ တအာင်းပလောင်၊ ရခိုင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ညီလာခံတက်ရောက်ရေး မသေချာသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024