Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ပုဂံဘုရားများတွင် အမိုးအကာများ အရေးပေါ်တပ်ဆင်
ထွန်းထွန်းသိန်း
·
August 29, 2016
မြေငလျင်ဒဏ်ခံလိုက်ရတဲ့ ပုဂံဒေသက ရှေးဟောင်းစေတီပုထိုးတွေပေါ်ကို မိုးရွာသွန်းပါက ဘုရားတွေထဲ ရေစိမ့်ဝင်ပြီး ပျက်စီးထိခိုက်မှု အန္တရာယ်ပိုဆိုးဝါးလာနိုင်တဲ့အတွက် သက်ဆိုင်ရာက အမိုးအကာတွေ အပူတပြင်း စတင်တပ်ဆင်နေရပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စေတီပုထိုးတွေထဲမှ ပိုပြီးအရေးကြီးတဲ့ ဘုရားတွေဖြစ်တဲ့ စူဠာမဏိ၊ ပြသဒ်ကြီး၊ တရုတ်ပြေးဘုရား စတဲ့ စေတီပုထိုးပေါင်း ၃၀ ကျော်မှာ မနေ့ကတည်းက စလို့ ပလတ်စတစ် အမိုးအကာတွေ တပ်ဆင်နေတယ်လို့ ရှေးဟောင်းသုတေသန ဦးစီးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဒီဗွီဘီကိုပြောပါတယ်။ “ဘုရားတွေကို ပလတ်စတစ်အမိုးအကာစတွေနဲ့ ရေ၀င်မယ့်အပေါက်တွေကို အမိုးကာထားပါတယ်။ ထိပ်ပိုင်းက ချွန်နေတဲ့ ထိပ်တွေကို ပလတ်စတစ်တွေနဲ့ မိုးထားပါတယ်။ အခုအပူတပြင်း ကျနော်တို့လုပ်နေတယ်။ မိုးတအားများရင်တော့ ကွဲထွက်သွားတာတို့ဘာတို့ ပြိုသွားတာတို့ ဘာတို့ ဖြစ်နိုင်တယ်ပေါ့။  နံရံတွေဘာတွေ ကွဲထွက်သွားတာဖြစ်နိုင်တယ်။  နံရံအောက်ဘေးမှာရှိတဲ့ အင်္ဂါတေတွေ ကွာထွက်သွားနိုင်တယ်။  နောက်ဆုံး အတွင်းနံရံမှာ နံရံဆေးရေးပန်းချီတွေ ပျက်စီးသွားနိုင်တာပေါ့။” ဒါ့အပြင် ငလျင်ဒဏ်ထိ စေတီတော်တွေ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ပတ်သက်ပြီးလည်း ကုလသမဂ္ဂရဲ လမ်းညွှန်ချက်နဲ့အညီ အသေးစိတ် လေ့လာရေးအဖွဲ့ငယ်တွေ စတင်ဖွဲ့စည်း ဆောင်ရွက်မယ်လို့လည်းဆိုပါတယ်။ “ဘုရားတဆူချင်းအတွက် ယူနက်စ်စကိုက ချမှတ်ပေးတဲ့ ပုံစံတွေ၊ ကျနော်တို့ဆီက ညှိနှိုင်းထားတဲ့ ပုံစံတွေနဲ့ပေါ့့၊ ဘုရားတဆူချင်းမှာ အသေးစိတ် ဘယ်လောက်ပျက်စီးတယ်ဆို တာကို ကျနော်တို့က အခုအဖွဲ့တွေဖွဲ့ပြီးမှ ဆောင်ရွက်မှာ။ အဖွဲ့တွေဖွဲ့ပြီးတဲ့အပြင် ဒီပုံစံနဲ့  စနစ်တကျဆက်လက်ပြီးကောက်မယ်၊ ဘယ်နေရာတွေပြင်ရမယ်၊ ဘယ်နေရာတွေကတော့ ပျက်သွားတယ်ဆိုတာ အတိအကျရဖို့ ကျနော်တို့က လုပ်မှာပါ။” ပုဂံမှာမြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စေတီပုထိုးတွေ ရှင်းလင်းပြုပြင်ဖို့အတွက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ သံဃာတော်တွေ၊    အနုပညာရှင်တွေ၊  ပရဟိတအဖွဲ့တွေနဲ့ စေတနာ့ ၀န်ထမ်းတွေလည်း ရောက်ရှိ လုပ်အားပေးနေကြပါတယ်။ လက်ရှိ ငလျင်ဒဏ်ခံလိုက်ရတဲ့ ပုဂုံဘုရားတွေရဲ့ လုံခြုံရေးပိုင်း လိုအပ်ချက်ရှိနေပြီး  ပျက်စီးသွားတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို အားလုံးက ၀ိုင်းဝန်းစောင့်ရှောက်ဖို့ လိုတယ်လို့ ပုဂံမြို့ခံ ဦးဇော်ဝင်းချိုက ပြောပါတယ်။ “တခြားပြဿ နာက၊ လုံခြုံရေးအပိုင်းတော့ လိုတောပေါ့့နော်၊ တချို့နံရံပန်းချီရှိတဲ့ ဘုရားလေးတွေ နံရံဆေးရေးပန်းချီတွေ ကွာကျတာတို့ရှိတယ်ဗျ၊  အဲဒီအပိုင်းအစလေးတွေ ကလည်း တန်ဖိုးရှိတာကိုး၊ အဲဒါတွေကို ယူသွားမှာစိုးရိမ်ရတယ်။ ဒါပေမယ့် ဘုရားတွေက အရမ်းများတော့ ကျတော့လည်း လုံခြုံရေးက အကုန်လုံးပေးနိုင်ဖို့ မလွယ်ဘူး။ တချို့ ကျတော့လည်း ကျနော်တို့ ကြားနေတာ မျက်နှာစိမ်းတွေ အများကြီးလာနေကြတာလည်း ရှိတယ်။ တံချူလေးတွေကိုင်ပြီး အုတ်ကျိုးတွေကို ဟိုဖွဒီဖွ တာမျိုးတွေ တွေ့တယ်လို့လည်း ကြားရတယ်။ မသင်္ကာရှိရင် သက်ဆိုင်ရာကို အမြန်ဆုံးသတင်းပေးဖို့လိုတယ်။  ၀ိုင်းဝန်းစောင့်ရှောက်ဖို့တော့ လိုတယ်။” ငလျင်ကြောင့်ထိခိုက်ခဲ့တဲ့ စေတီတွေကို ပြန်လည်ပြင်ဆင်တဲ့နေရာမှာ မူလယဉ်ကျေးမှု တွေကို မပျက်စီးအောင် ထိန်းသိမ်းရမှာဖြစ်သလို နောင်လာမယ့်ငလျင်တွေအတွက်ပါ ထည့်သွင်းစဉ်းစားပြီး စနစ်တကျပြပြင်ထိန်းသိန်းဖို့ လိုတယ်လို့ ငလျင်လေ့လာသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီအတွင်းရေးမှူး ဦးမျိုးသန့်က “ငလျင်ဟာ ၁၉၇၅ ပုဂံငလျင်လှုပ်တဲ့အပိုင်းက ပြန်လှုပ်တယ်လို့ ကျနော်တို့ယူဆတယ်။ နှစ်ပေါင်း ၄၀ ကျော်ကြာတဲ့အချိန်မှာ ပြန်လှုပ်တယ်ပေါ့။  နောင်လည်းလှုပ်နေဦးမှာပဲ နှစ်ပေါင်း သုံးလေးဆယ် ကြာတဲ့အချိန် ပြန်လှုပ်ကောင်းလှုပ်နေဦးမယ်ဆိုတော့ ဒီအဆောက်အဦတွေကို ပြင်ဆင်တဲ့ အခါမှာ နဂိုမူကိုလည်း ကျနော်တို့က ထိန်းသိမ်းထားရမယ်။ ပြန်ပြီးတော့ ပြင်ဆင်တဲ့ အခါမှာလည်း ငလျင်ဒဏ်ခံနိုင်အောင် ထည့်သွင်းစဉ်းစားပြီးတော့ ပြင်ဆင်မှ ရမှာ”လို့ ပြောပါတယ်။ သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျစတာစကေး ၆.၈ ပြင်းအားရှိငလျင်ကြောင့် ပုဂုံဒေသက  စူဠာမဏိ၊ လောကနန္ဒာ၊ မြစေတီ၊ ဓမ္မရံကြီး၊ ထီး လိုမင်းလိုစတဲ့  ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းစတီပုထိုးပေါင်း ၃၉၀ လောက် ထိခိုက်ပျက်စီး သွားခဲ့တာဖြစ်ပါတယ်။ အကျယ်အ၀န်း ၇၈ စတုရန်းကီလိုမီတာရှိတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းမှာ  စေတီဘုရားပေါင်း ၁၇၄၅ ဆူ၊ အုတ်ကျောင်းပေါင်း ၄၃၁ ဆူ၊ ဥမင်၊ သိမ်ကျောင်းအဆောက်အဦ ပေါင်း ၅၄ ဆူ၊ တူးဖော်ရန်ကျန်တဲ့  စေတီဘုရား ၈၉၂ ဆူ စုစုပေါင်းဘုရား၊ စေတီ ပုထိုး ၃၁၁၂ ဆူ တည်ရှိတယ်လို့ အစိုးရတရားဝင်ထုတ်ပြန်တဲ့ မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် ရှေးဟောင်းသမိုင်းဝင် နန်းတော်ရာ ၅ ခုဖြစ်တဲ့ ယုန်လွှတ်ကျွန်းနန်းတော်ရာ၊ ကျောက်တံခါးကြီးနန်းတော်ရာ၊ သီရိပစ္စယံနန်းတော်ရာ၊ တမ္ပ၀တီ နန်းတော်ရာနဲ့ ပျဉ်ပြားမင်း နန်းတော်ရာတို့လည်း တည်ရှိပြီး ရှေးဟောင်းသုတေသနနဲ့  အမျိုးသားပြတိုက်ဦးစီးဌာနက ဇုန် ၃ ဇုန် ခွဲခြားပြီး  ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024