Home
ဆောင်းပါး
မိုင် ၅၀၀၀ ကျော် အဝေးက အီတလီငလျှင်၊ မြန်မာငလျှင် နဲ့ စကားစပ်များ
DVB
·
August 27, 2016
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်က အီတလီ နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ လှုပ်သွားခဲ့တဲ့ မြေငလျင်တွေ ရဲ့သတင်းတွေကတော့ နိုင်ငံတကာမှာ အတော်ကြီးအုတ်အော်သောင်းတင်းဖြစ်ခဲ့သလို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ အံ့သြစရာကောင်းတာက အီတလီ ဒေသစံတော်ချိန် မနက် ၃ နညရီခွဲလောက်မှာ ပြင်းအား ၆.၂ ရစ်ခ်ျစတာ စကေးရှိတဲ့ မြေငလျှင်တခုလှုပ်သွားခဲ့သလို မြန်မာနိုင်ငံမှာလည်း ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲ အချိန်မှာ ပြင်းအား ၆.၈ ရစ်ခ်ျစတာစကေးရှိတဲ့ မြေငလျှင်တခု တနေ့တည်းမှာ လှုပ်သွားခဲ့ပါတယ်။ ငလျင် အဖျားခတ်သွားတဲ့ နိုင်ငံချို့ရှိခဲ့ပေမယ့် အဓိက ဗဟိုချက်မ ပြု အလှုပ်ခံခဲ့ရတဲ့ နိုင်ငံတွေကတော့ အီတလီနိုင်ငံ နဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံပဲဖြစ်ပါတယ်။ အဲဒီအဓိက ငလျင်ဒဏ်ခံခဲ့ရတဲ့ အီတလီနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ တကယ်တော့ မိုင် ၅၀၀၀ ကျော်ဝေးပါတယ်။ တကယ့်ကို ရေခြားမြေခြား တိုက်ခြား အလွန်ဝေးကွာတဲ့နေရာဒေသတွေဖြစ်ပါတယ်။ နောက်တခုကတော့ ပြင်းအား ၆.၂ ငလျှင်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံ အီတလီ မှာ မြို့တချို့ ပြားချပ်ကျသွားသလို အဆောက်အဦတွေပြိုကျ၊ အပျက်အစီးပုံအောက်မှာ လူတွေပိမြုပ်ကုန်ကြပြီး သြဂုတ် ၂၅ ရက်နေ့က ရရှိခဲ့တဲ့ စာရင်းအရ သေဆုံးသူ ၂၅၀ ကျော်သွားခဲ့ပြီး ရာနဲ့ချီပြီး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှတော့ ပြင်းအားအရ ၆.၈ အထိ လှုပ်ခတ်သွားခဲ့ပြီး ပုဂံ နဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်းဘုရားစေတီပေါင်း ၂၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။ တခြားမြို့တွေမှာလည်း ဘုရားစေတီတွေ နဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းတချို့ ပျက်စီးသွားခဲ့ပေမယ့် လူအသေပျောက်အနေနဲ့ကတော့ အီတလီနိုင်ငံနဲ့ ယှဉ်ရင် အများကြီးနည်းတယ်လို့ ဆိုရမှာပါပဲ။ ခုထိရထားတဲ့ စာရင်းအရတော့ ငလျှင်ကြောင့် သေဆုံးရတဲ့ သူအရေအတွက်ဟာ ၃ ယောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ အီတလီနိုင်ငံမှာ ငလျင်ကကြာခဏ လှုပ်ပြီး သြဂုတ် ၂၄ ရက်နေ့ ငလျင်မှာ အပျက်အစီး များရတဲ့အကြောင်းကတော့ အီတလီနိုင်ငံမှာ ဘွတ်ခ်ဖိနပ်တခုက ဇစ်တချောင်းလို သွယ်တန်းနေတဲ့ တောင်တန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၂၀ လောက်က အာဖရိက ကျောက်လွှာကြီးက ယူရားဆီးယားကို ၀င်ဆောင့်ပြီး ကော်ဇောတချပ်လို တွန့်ရှုံ့သွားတဲ့အချိန်မှာ ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ အခုတော့ အဲဒါတွေဟာ ဆန့်ကျင်ဘက်လားရာကို ရွေ့ရှားလာနေခဲ့ပြီး တောင်စဉ်တောင်တန်းရဲ့မြောက်ဘက်ခြမ်း အပေါ်ယံအလွှာဟာ တနှစ်ကို ၃ မီလီမီတာနှုန်းနဲ့ တောင်ဘက်နဲ့ အလှမ်းဝေးရာကို ဆုတ်လာနေပြီး အပေါ်လွှာမျက်နှာပြင်ရဲ့ အောက်မှာရှိတဲ့ ပင့်ကူအိမ်လိုကွန်ရက်ဖွဲ့နေတဲ့ ပြတ်ရွေ့ကြောတလျှာက်က မြေသားကို တုန်ခါလှုပ်ယမ်းမှုတွေ ဖြစ်ပေါ်စေတဲ့အတွက် ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ငလျှင် ဗဟိုရဲ့အနားက အမ်မာထရိချင်မြို့ကလေးဆိုရင် အုတ်ပုံတခုအဖြစ်ပဲ ကျန်ခဲ့လောက်အောင် ပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စဉ်းစားစရာ ဖြစ်လာတာက ဒီတနေ့တည်း နာရီခြားပြီး လှုပ်သွားတဲ့ အီတလီ ငလျှင်နဲ့ မြန်မာနိုင်ငံ ငလျင် ၂ ခုဟာ ဆက်စပ်မှုများရှိမလား ဆိုတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး ငလျင်ဗေဒ ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒဆိုင်ရာစစ်တမ်း အမျိုးသား မြေငလျင် ပြန်ကြားရေးဗဟိုဌာနက ဘူမိရူပပညာရှင် ဂျွန်ဘယ်လီနီနဲ့ ကိုလန်ဗီယာ တက္ကသိုလ် လာမွန့်ဒိုဟာတီ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးဌာန က ဘူမိရူပပညာရှင် မိုက်ခယ်လ် စတက်ခလာ တို့က ဒီမြေငလျှင် ၂ ခုဟာ ဆက်စပ်မှု မရှိပါဘူးလို့ဆိုပါတယ်။ ဒီ၂ နိုင်ငံဟာ ကမ္ဘာပေါ်က မတူကွဲပြားတဲ့ ပြတ်ရွေ့ကြောင်းတွေပေါ်မှာ တည်ရှိနေကြတာဖြစ်ပြီး တနေ့တည်းဖြစ်သွားတာသာ ဖြစ်တယ်လို့ဆိုပါတယ်။ တကယ်တော့ ငလျင် ၂ ခုစလုံးဟာ မကြီးမားလှပဲ ကမ္ဘာပေါ်မှာ တနှစ်ကို ဒီလိုငလျင်မျိုး ၁၅၀ လောက် ဟာ တပတ်ကို ၂ ကြိမ် ၃ ကြိမ် လောက် ရစ်ခ်ျစတာစကေး ၆ ကနေ ၆.၉ ပြင်းအားနဲ့ လှုပ်နေတယ်လို့ ရှင်းပြပါတယ်။ ရစ်ခ်ျစတာစကေး ၈၊ ၉  နဲ့ တခါတလေ ၇ လောက် ပြင်းအားရှိတဲ့ ငလျှင်တွေက အနီးအနားမှာရှိတဲ့ ငလျှင်အသေးစားလေးတွေကို ဖြစ်ပွားစေနိုင်ပေမယ့် တခြားကမ္ဘာခြမ်းအထိတော့ မဖြစ်စေနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒီလောက်ပြင်းအားပဲရှိတဲ့ ငလျှင်မျိုးမှာ ကျိုးပြတ်သွားတဲ့ ပြတ်ရွေ့အရှည်ဟာ အကြမ်းအားဖြင့် မိုင် ၃၀ ကနေ ၆၀ (ကီလိုမီတာ ၅၀ ကနေ ၁၀၀) လောက်ပဲရှိတတ်ပြီး အလွန်ဆုံး မိုင် ၂၅၀ လောက်အထိပဲ ငလျင်တခုက နောက်ငလျင်တခု ဖြစ်ပေါ် သက်ရောက်စေနိုင်တယ်လို့ ရှင်းပြခဲ့ကြပါတယ်။ ဒီပညာရှင် ၂ ယောာက်ရဲ့ ရှင်းလင်းတင်ပြမှုတွေအရ အီတလီနိုင်ငံမှာ လှုပ်သွားတဲ့ မြေငလျင်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်ဟာ အဆက်အစပ်မရှိပဲ တိုက်ဆိုင်မှုသာ ဖြစ်တယ်ဆိုတာကတော့ သိပ္ပံနည်းကျ နားလည်ထားသင့်ပါပြီ။ အတိတ်နိမိတ်ကောက်တဲ့ ကိစ္စကတော့ ဘယ်လိုမှ ကြောင်းကျိုးတကျ မရှိတဲ့ကိစ္စလို့ ပြောရမှာပါပဲ။ ဒီလိုတွေးမြင်စဉ်းစားမှုတွေဟာလည်း စိတ်ဝါဒထွန်းကားတဲ့ အာရှဒေသမှာ အဆန်းမဟုတ်တောာ့တာကို စာဖတ်သူတွေ သိနားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဓမ္မစေတီ ခေါင်းလောင်းကိစ္စမှာ နိုင်ငံတော်လိမ်လည်မှုကြီး ဖြစ်ခဲ့သလိုတော့ အတိတ်နိမိတ်ကောင်းလို့ ယူဆပြီး ဒါဟာနတ်သကြားတွေရဲ့ အားပေးကူညီတာကို ပြသလိုက်တဲ့ နိမိတ်ကောင်းလို့ ယူဆ စဉ်းစားနေကြတဲ့သူတွေရဲ့ ဦးနှောက်ကိုလည်း မြန်မာပြည်သူတွေ အသေအချာ စဉ်းစားသင့်ပါတယ်။ အဲဒီလိုပြောတဲ့သူတွေဟာ ဘယ်သူလဲ။ ဘာရာထူးတာဝန်တွေ ထမ်းဆောာင်နေကြသလဲ ဆိုတာကို ပြန်စိစစ်ပြီး သူတို့ရဲ့ အတွေးအခေါ်နဲ့ သူတို့ထမ်းဆောင်နေတဲ့ တာဝန် ထိုက်တန်ရဲ့လား။ ဖြစ်သင့်ရဲ့လားဆိုတာာကို ပြန်စဉ်းစားသင့်ပါတယ်။ ဒါက ကျနော်တို့ မြန်မာနိုင်ငံအတွင်းက တချို့သူတွေရဲ့စဉ်းစားတွေးမြင်မှု တွေနဲ့ပတ်သက်ပြီး စကားညှပ်အနေနဲ့ တင်ပြလိုက်တာပါ။ သူတို့ရဲ့ တွေးမြင်စဉ်းစားမှုတွေဟာ အရေးပါတယ်လို့ပြောတာတော့ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံက အခြေခံပြည်သူတွေ အဲဒီလို မစဉ်းစားကြစေချင်တဲ့ သဘောပါ။ ခုချိန်မှာ မြန်မာနိုင်ငံမှာ အာဏာကို လက်လွှတ်ခဲ့ရတဲ့ မကြာခင်ကလေးကအထိ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထေင်စုကြံ့ခိုင်ရေးပါတီလို့ နာမည်ခံထားတဲ့ လူသတ်သမား တိုင်းဖျက်ပြည်ဖျက်ပါတီက နောက်လာမယ့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်ရေး ပြင်ဆင်လာတာတွေ ကို တွေ့နေရပြီဖြစ်တဲ့အတွက် ပြည်သူလူထုကို ပြည်သူတွင်း ထိုးဖောက်စည်းရုံးလာနိုင်ခြေ ရှိတာတွေကို သတိထားဖို့ ကြိုတင်သတိပေးရတာပဲဖြစ်ပါတယ်။ ၁၉၇၅ ပုဂံ ငလျင်အပြီးမှာ စစ်အစိုးရရဲ့ ယဉ်ကျေးမှု အမွေအနှစ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ဆိုတာတွေကို တကယ့်လက်တွေ့ တွေ့ကြုံခဲ့တဲ့ ပုဂံဒေသခံတွေကတော့ ပြိုကျသွားတဲ့ ဘုရားတွေကို စစ်တပ်က ၀ိုင်းထားပြီး ဘယ်သူမှ အ၀င်မခံဘဲ သူတို့လိုချင်တာတွေ (သိမ်းယူဖို့ အမိန့်ပေးထားတဲ့ အဖိုးတန်ရတနာတွေ) ကို ယူပြီးမှ ပြည်သူလူထုကို ၀င်ခွင့်ပေးခဲ့သလို ဒီကနေ့ငလျင်မှာ စစ်တပ်က အကူအညီပေး အမှိုက်ရှင်းပေး သယောင်နဲ့ အရင်ဗိုလ်ခင်ညွန့်တို့ နည်းဟောင်းအတိုင်း ၂ ပေါက် ၁ ပေါက်ရိုက် အုပ်စုအကျိုး၊ ကိုယ်ကျိုးရှာသွားကြမှာကိုတော့ ဒီကနေ့ ဒီမိုကရေစီအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သတိထားကြဖို့လည်း ထပ်ပြီးသတိပေးချင်ပါတယ်။ ဗိုလ်ခင်ညွန့်တို့ စစ်အုပ်စုတွေရဲ့ ရူးနှမ်းတဲ့ ဘုရားတည်ကျောင်းဆောက်ပြီး အကုသိုလ် ဖြေတဲ့နည်းတွေကို ဗိုလ်သိန်းစိန်အစိုးရ အဖွဲ့ဝင်ဟောင်းတွေနဲ့ လက်သစ် အစိုးရအဖွဲ့ထဲမှာ အဓိက တာဝန်ယူထားတဲ့ စစ်အုပ်စုဝင်ဟောင်း ဗိုလ်ချုပ် ၀န်ကြီးတွေက အဲဒီ အကုသိုလ်ဖြေနည်းတွေနဲ့ ပျက်စီးသွားတဲ့ ဘုရားတွေကို အပြိုင်အဆိုင် ပြင်လာမှာကို စိုးရိမ်မိလို့လည်း ခုလို စာတတန် ပေတဖွဲ့နဲ့ တင်ပြနေရတာဖြစ်ပါတယ်။ ယူနက်စကို ပြောတာကို နားထောင်ကြဖို့လိုပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အလျင်စလို ပြင်ဆင်မှုတွေ မလုပ်ဘဲ စနစ်တကျ ရှိဖို့ သတိပေးညွှန်ကြား ပြောဆိုပြီးဖြစ်ပါတယ်။ စိုးရိမ်တာက ပြည်ထဲရေးဝန်ကြီးဌာနအောက်က ထွေအုပ်ဆိုတဲ့ အာဏာပိုင်တွေက စစ်တပ်နဲ့ ရဲ အကူအညီနဲ့ အာဏာပြ ထင်သလို ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်လာကြမယ်ဆိုရင်တော့…၊ ပြည်သူလူထုက တခဲနက်အုံကြွဆန့်ကျင်ကြရုံသာ…………။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024