Home
ဆောင်းပါး
၂၁ ရာစုပင်လုံညီလာခံက ဘာတွေမျှော်လင့်မလဲ
နော်နိုရင်း
·
August 27, 2016
ဒီလကုန်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံကနေ ထူးထူးခြားခြား ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ မမျော်လင့်ပေမယ့် အနည်းဆုံး တဦးနဲ့တဦး ယုံကြည်မှုတွေ ပိုတိုးရလာပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုခရီးအတွက် အစပြုခြေလှမ်းသစ်တခု အဖြစ် သတ်မှတ်နိုင်တယ်လို့  ညီလာခံတက်ရောက်မယ်သူတွေက ပြောပါတယ်။ လတ်တလော ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ကို ဖိတ်ကြားထားပြီး အားလုံးကတက်ရောက်မယ်လို့ အကြောင်းပြန်ထားတယ်လို့ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီက  ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ “အဖွဲ့ ၃ ဖွဲ့ကလွဲပြီးတော့ ကျန်တဲ့အဖွဲ့တွေ အကုန်လုံး ဖိတ်ပြီးပါပြီ။ ဖိတ်တဲ့အဖွဲ့အားလုံးကလည်း တက်ရောက်မယ်လို့ အကြောင်းပြန်ထားပါတယ်။ ဒါပေမယ့် ကိုးကန့်၊ ရခိုင်နဲ့ တအာင်း ပလောင်လက်နက်ကိုင်အဖွဲ့တွေ ညီလာခံတက်နိုင်ဖို့အရေးကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ ပြောပါတယ်။ တအာင်းပလောင်တပ်ဖွဲ့ကိုမေးမြန်းရာမှာတော့ ဒီကနေ့အချိန်ထိ သူတို့ကို ဖိတ်ကြား တာမရှိသလို ညှိနှိုင်းဆောင်ရွက်မှုမရှိဘူးလို့လည်း တအာင်းပလောင် ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောပါတယ်။ “သတင်းမှာကြားတာက မိုင်းလားကနေဆင့် အီးမေးလ်ကနေ ပို့လိုက်တယ်ပြောတယ်။ ကျနော်တို့ဆီမှာတော့ မရောက်သေးဘူး။ ကျနော်တို့ မိုင်းလားကို လိုက်မေးကြည့်တဲ့ အချိန်ကျတော့ ကျနော်တို့ကို ဖိတ်တဲ့ဖိတ်စာ မပါဘူးလို့ပြောတယ်။ ကျနော်တို့က ပြီးခဲ့တဲ့လမှာ တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်း ဘာမှပြန်ပြီး ဆက်သွယ်ညှိနှိုင်းမှု မရှိသေးဘူး။ ကျနော်တို့လည်း ထုတ်ပြန်ကြေညာထားတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော်တို့က တက်ချင်တယ်။ တက်ဖို့လည်း အဆင်သင့်ဖြစ်တယ်ဆိုတဲ့ဟာကို ထုတ်ထားတယ်။ မဖိတ်ဘူးဆိုရင်တော့ ကျနော်တို့က ဘယ်လိုပြောရမလဲ တက်လို့လည်း မရဘူးပေါ့နော်။ ရှေ့ဆက်ဘယ်လိုညှိနှိုင်းမလဲဆိုတော့ အစိုးရဘက်က ဘယ်လိုကမ်းလှမ်းလာမလဲဆိုတာ အဲဒီအချိန်မှ ကျနော်တို့က ဆက်ပြီးဆွေးနွေးရ မှာပေါ့။ ” တနိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကတော့ အဖွဲ့ဝင် အားလုံးနဲ့ အတူတကွ ပါဝင်တက် ရောက်မယ်လို့ မနေ့က  တရားဝင် ကြေညာထားပါတယ်။ ၂၁ ရာစုပင်လုံ ညီလာခံတက်ရောက်မယ့်သူတွေအနေနဲ့ ဒီညီလာခံကနေ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လောက်အကျိုးရှိမယ်လို့   မျှော်လင့်ထားပါသလဲ။ ယူအန်အက်ဖ်စီ အဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဒီပီအန် ခေါင်းဆောင် ခူးဦးရယ်ကတော့ ထူးထူးခြားခြား ရလဒ်တစုံတရာရမယ်လို့ မမျော်လင့်ပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်တကျော့ပြန်စလိုက်ပြီဆိုတာ  ပြည်တွင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သတင်းစကားပေးလိုက်တဲ့ သဘောဖြစ်မယ်လို့ ပြောပါတယ်။ “ညီလာခံမှာကတော့ ကျနော်တို့ခေါင်းစဉ်တွေတည်ပြီး ဆွေးနွေးမှာ ဆုံးဖြတ်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဘာမှ အထွေထွေတင်ပြဖို့မရှိပါဘူး။ အစီအစဉ်ကို ကျနော်တို့ အကြမ်းဖျင်းသိရသလောက်ဆိုရင် တဖွဲ့ကို ကိုယ်စားလှယ်တဦးက ၁၀ မိနစ်လောက်တော့ စကားပြောခွင့်ပေးမယ်ဆိုတဲ့ သဘောပါပဲ။ စကားပြောတယ်ဆိုတာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုင်ရာပေါ့လေ။ ကိုယ်သတင်းစကားပါးချင်တာကို တင်ပြဖို့လောက်ပဲ ကျနော်နားလည်ပါတယ်။ ရလဒ်ရရှာတဲ့ နေရာမဟုတ်သေးဘူး။ ကျနော်တို့က ငြိမ်းချမ်းရေးညီလာခံအတွက် အစဖွင့်တဲ့ ဖွင့်ပွဲသဘောမျိုးလို့ပဲ နားလည်ပါတယ်။ ဘာမှ ဆွေးနွေးမှာမဟုတ်တဲ့အတွက်ကြောင့် ရလဒ်ကတော့ ထူးထူးထွေထွေ ကျနော်တို့ မျော်လင့်စရာတော့မရှိဘူး။ သို့သော် ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်တကျော့ပြန်စလိုက်ပြီဆိုတဲ့ သဘောတော့ နိုငံတကာ လူ့အသိုင်းအ၀ိုင်းနဲ့ ကျနော်တို့ ပြည်သူတွေကို အသိပေးလိုက်တဲ့ သဘောပဲဖြစ်မှာပေါ့နော်။” ဒီညီလာခံ အပြီး ၆လလောက်အကြာမှာ နောက်တကြိမ် ပြန်လည်ပြုလုပ်မယ့် ညီလာခံကျမှပဲ တိုင်းပြည် အနာဂတ်အတွက် ထဲထဲဝင်ဝင် အကြောင်းအရာ ကိစ္စတွေ တင်ပြဆွေးနွေးမယ်လို့ သဘောရကြောင်းလည်း ခူးဦးရယ်ကပြောပါတယ်။ အလားတူ ညီလာခံတက်ရောက်မယ့် အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ရဲဘော်သံခဲလည်း ဒီညီလာခံမှာ မျှော်လင့်ချက်တွေ အများကြီးထားလို့ မရဘူးလို့ ပြောပါတယ်။ “အားလုံးစုံစုံညီညီဖြစ်တဲ့ ညီလာခံဖြစ်မယ်လို့ ကျနော်တို့ယူဆတယ်။ ဒါပေမယ့် ညီလာခံမှာ မျှော်မှန်းချက်တွေကို အများကြီးထားလို့တော့ ပထမ တကြိမ်ဖြစ်တဲ့အတွက် အများကြီး မျှော်မှန်းထားလို့တော့မရဘူး။ ကျနော်တို့ ဗမာနိုင်ငံရဲ့ပြည်တွင်းစစ် တနည်းအားဖြင့်ပြောရရင် ဒုတိယ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို ကြိုးပမ်းဖို့အတွက် ကြိုးပမ်းမှုအနေနဲ့ အစပြုမှုတခုလို့ ယူဆရတဲ့အတွက် အနာဂတ်ပြည်ထောင်စု ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲ စသဖြင့် ကျနော်တို့ရဲ့ စဉ်းစားချက်တွေ နောက်အနာဂတ်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လိုဖြေရှင်းကြမလဲ။ နည်းလမ်းတွေ နောက်တခုကတော့ တိုင်းပြည်တွက်ကလည်း လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်တဲ့အချက်တွေ၊ မူပိုင်းဆိုင်ရာ သဘောထားတွေလောက်ကိုပဲ ကျနော်တို့က တင်ပြနိုင်လိမ့်မယ်လို့ ယူဆပါတယ်။” ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီက ဦးလှမောင်ရွှေကတော့ ဒီညီလာခံကနေ ဆင့်တဦးနဲ့တဦး ယုံကြည်မှုတွေရလာပြီး သူတို့ရဲ့ သဘောထားတွေကို စုစည်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။ “ဒီညီလာခံကတော့ အန်စီအေရဲ့ လုပ်ငန်းစဉ်ကိုဆက်ပြီးတော့ ဆောင်ရွက်ဖို့ပါပဲ။ ဒီညီလာခံက အားလုံးပါဝင်နိုင်ရေးအဖြေရှိတယ်။ ပြီးတော့ အားလုံးနဲ့ ယုံကြည်မှု ကျနော်တို့ တည်ဆောက်မယ်။ ပြီးသွားရင်တော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်မယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့လည်း ဒီညီလာခံက လမ်းဖွင့် လိုက်တဲ့အနေ အထားမျိုးရှိမယ်။ ဒီညီလာခံမှာကတော့ အားလုံးမခွဲခြားဘဲနဲ့ တက်ရောက်နိုင်ဖို့ စီစဉ်ပေးပြီးတော့မှ သူတို့အနေနဲ့ အန်စီအေ လက်မှတ်ရေးထိုးပြီးတော့ ဒီ လုပ်ငန်းစဉ် အတိုင်းဆက်သွားနိုင်ဖို့ ကျနော်တို့ကတော့ မျော်လင့်ပါတယ်။ အဓိကကတော့ ကနော်တို့ ယုံကြည်မှု ပိုပြီးတော့ရလာဖို့ မျှော်လင့်တယ်။” ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ပြီး စက်တင်ဘာ ၄ရက်ထိ  နေပြည်တော်မှာ  ၅ ရက်ကြာကျင်းပမှာဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းပါတက်ရောက်မယ်လို့ အစိုးရကပြောထားပါတယ်။ ညီလာခံမှာ အားလုံးပါဝင်ရေးလို့ အစိုးရက ကြွေးကြော်နေပေမယ့်  အရပ်ဘက် လူမှုအဖွဲ့အစည်း အားလုံးမပါဝင်နိုင်တာ၊ ရွေးကောက်ပွဲမှာ တစ်နေရာမှာ အနိုင်မရတဲ့ နိုင်ငံရေးပါတီတွေ အပြည့်အ၀ပါဝင်ခွင့်မရလို့ ဝေဖန်မှုနဲ့လည်းကြုံတွေ့နေရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဒေါ်အောင်ဆန်းစုကြည်ကတော့  အခွင့်အလမ်း တစ်ခုဟာ  နှစ်ခါပြန်မလာတတ်ကြောင်း၊ တိုင်းပြည်ဟာ  ဒေသတွင်း နိုင်ငံတွေနဲ့  နှိုင်းယှဉ်ရင် များစွာနောက်ကျကျန်ခဲ့ပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံးအတွက် အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားရမယ်လို့ ကတိပြုပြောထားပါတယ်။ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့လေးမှာ တိုင်းပြည် လွတ်လပ်ရေးအတွက် ပြည်မနဲ့တောင်တန်းဒေသက တမြေထဲနေတိုင်းရင်းသားတွေ ညီညီညွတ်ညွတ် ပေါင်းစုကြိုးပမ်းခဲ့ကြဖူးပါတယ်။ လာမယ့် သြဂုတ် ၃၁ရက်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံဟာလည်း မြန်မာပြည်ဖွားတိုင်းရင်းသားတွေ တကြော့ပြန်ဆုံဆည်းပြီး အနာဂတ် ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စုသစ်ပေါ်ထွန်းလာဖို့ အစပျိုးတဲ့ခြေလှမ်းသစ်တခုဖြစ်လို့  အရေးပါတဲ့ သမိုင်း မှတ်တိုင်တခုအဖြစ် ကျန်ရစ်နေမှာပါ။ ခုလို နှစ်ပေါင်း ၇၀ နီးပါးလောက်ကြာမှ ပြန်လည်ခေါ်ယူကျင်းပနိုင်ခဲ့တဲ့ ၂၁ရာစု ပင်လုံ ညီလာခံဟာ တိုင်းရင်းသားပြည်သူတွေအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ခရီးပိုပြီးနီးလာမလား၊ ဝေးသွားမလားဆိုတာကတော့ နာတာရှည် ပြည်တွင်းစစ်မှာ ပါဝင်ပတ်သက်နေသူတွေအားလုံးနဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာအပေါ်မှာပဲမှီတည် လို့ နေပါတော့တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024