ကိုညီညီဦးကို ဂုဏ်ပြု
နော်နိုရင်း
·
October 16, 2011
ထောင်ဒဏ်နှစ် ၂၀ ကျော် ကျခံခဲ့ရပြီး ခုလ ၁၂ ရက်မှာ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုညီညီဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ အခမ်းအနားနဲ့ ဂုဏ်ပြုပါတယ်။
ဂုဏ်ပြုပွဲကို အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်း စသူတွေ တက်ရောက်ပါတယ်။
အခမ်းအနားမှာ ကိုညီညီဦးရဲ့ အထ္တုပ္ပတ္တိကို ဖတ်ကြားပြီး ထောင်တွင်း အတွေ့အကြုံတွေကို ပြောကြားပြီး သူ့ရဲ့စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်မှုတွေကို ဂုဏ်ပြုကြပါတယ်။
သန်လျင်မြို့နယ် အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုညီညီဦးကို ၁၉၈၉ ခုနှစ်မှာ အာဏာပိုင်တွေက သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ စွပ်စွဲဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ ဒီဗုံးဖောက်ခွဲမှုကို မကျူးလွန်ကြောင်း ငြင်းဆိုပေမယ့် အာဏာပိုင်တွေက အတင်းအကျပ် ၀န်ခံခိုင်းပြီး သေဒဏ်စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တသက်တကျွန်းဒဏ်အဖြစ် ပြောင်းလဲပါတယ်။
ကိုညီညီဦးဟာ အင်းစိန်ထောင်မှာ စတင်အကျဉ်းကျခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ တောင်ငူထောင်ကို ပြောင်းရွှေ့ခံရပါတယ်။ ထောင်တွင်းမှာ ၂၂ နှစ်ကျော် အကျဉ်းကျပြီး နောက် သီတင်းကျွတ်လပြည့်နေ့မှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အရ တောင်ငူထောင် ကနေ လွတ်မြောက်လာတာ ဖြစ်ပါတယ်။