Home
မြန်မာသတင်း
မြောက်ဦးရှိ ရှေးဟောင်းအမွေအနှစ်ဘုရားများ ငလျင်ဒဏ်ကြောင့်ပျက်စီး
DVB
·
August 26, 2016
ပြီးခဲ့တဲ့ရက်ပိုင်းကလှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့  ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီဘုရားတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။ ငလျင်ကြောင့် အထင်ကရ တန်ခိုးကြီး မာရ်ငါးပါးဘုရားတွေထဲက တစ်ဆူ ဖြစ်တဲ့  ရှေးဟောင်း သမိုင်းဝင် ရတနာမာရ်အောင်ဘုရား စိန်ဖူးတော်၊ ထီးတော်နဲ့ ငှက်ပျောဖူးအခြေ ကြာမှောက်အပေါ်ပိုင်း အထိ ပေ ၂ဝ လောက် ထီးတော်အောက်ဆုံးအဆင့် ကိုးလက်မ လောက် ပြိုကျသွားခဲ့ပါတယ်။ အလားတူ ရတနာပုံစေတီတော်ကြီးဟာလည်း  စိန်ဖူးတော် ထီးတော် အောက်ဆုံး အဆင့် ကိုးလက်မခလောက် ပြိုကျပြီး   ကိုးသောင်း ပုထိုးတော်ကြီးရဲ့  အရှေ့ မြောက်ထောင့် လိုဏ်ပတ်လမ်းမှာ ကျောက်တုံး အပိုင်းအစ ငါးခုလောက်နဲ့ နံရံကပ်ဆင်းတုတော် ၃ ဆူလည်း ပြိုကျသွားခဲ့ပါတယ်။ သြဂုတ် ၂၄ ရက်က မြန်မာပြည်အလယ်ပိုင်းချောက်မြို့ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ရခိုင်ပြည်နယ် မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်မှာ ဘုရားစေတီ (၇)ဆူ ၊ သာသနိကအဆောက်အဦ ၁လုံး၊ စာသင်ကျောင်း ၁ကျောင်း၊ ရုံး ဌာန ၁ ခုနဲ့ နေအိမ် ၁လုံးပျက်စီးပြီး ကျောက်ဖြူမြို့နယ် စည်မော်ရွာနားရှိ  ရွှံ့မီးတောင်ပေါက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အစိုးရ လူကယ်ပြန်ဌာနက ထုတ်ပြန်ထားပါတယ်။ ငလျင်ကြောင့် ပျက်စီးသွားတဲ့  မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဘုရားတွေကို ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက  မနေ့ကသွားရောက်  ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ထိမ်းသိမ်းပြုပြင်နိုင်ရေး အတွက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024