Live
Home
မြန်မာသတင်း
ရုပ်သံလိုင်း ၅ လိုင်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုမည်
DVB
·
August 26, 2016
နိုင်ငံပိုင်ရုပ်သံလိုင်း ၅ လိုင်းကို ပုဂ္ဂလိကကိုပေးပြီး လုပ်ကိုင်ခွင့်ပြုတော့မယ်လို့  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန တာဝန်ရှိသူက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ် ဆွေးနွေးပွဲကို နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဒီကနေ့  ဩဂုတ်လ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပိုင် ရုပ်သံလိုင်း ၁၆ လိုင်းရှိပြီး အဲဒီထဲကနေ ရုပ်သံလိုင်း ၅ လိုင်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုမှာလို့  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။ "အခုလိုရွေးချယ်တာကို ကျနော်တို့ ဆီက မရွေးပါဘူး။ Third Party ဖြစ်တဲ့ အကြံပေးကုမ္ပဏီ တစ်ခုကရွေးချယ်မှာဖြစ်တယ်။" ရုပ်သံလိုင်းတလိုင်း ထုတ်လွှင့်ဖို့အတွက် ကနဦး ဂြိုဟ်တုဆက်ကြောင်း ငှားရမ်းခနဲ့ ထုတ်လွှင့်စက်တွေ တပ်ဆင်ခြင်း တို့အတွက် ကနဦး ကျပ် သိန်း ၉၀၀ ကျော် ကျသင့်မှာ ဖြစ်ပါတယ်။ ထုတ်လွှင့်ခွင့်ရတဲ့နောက် ချယ်နယ်တခုကို တလလျင် ကျပ် သိန်း ၂၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ အဆိုပြုလွှာတွေကို နောက် ၄ ပတ်အတွင်း နောက်ဆုံးထား တင်ပြရမှာဖြစ်ပြီး ရွေးချယ်မှုနဲ့ အခြား စက်ပစ္စည်းတပ်ဆင်တဲ့ လုပ်ဆောင်စရာ ကိစ္စတွေအတွက် ခန့်မှန်းခြေ ၄ လလောက် ကြာမြင့်မယ်လို့ သိရပါတယ်။ ချယ်နယ်တွေကို မြန်မာနိုင်ငံတ၀ှမ်း ထပ်ဆင့်ထုတ်လွှင့်ရုံ ၁၄၄ ရုံမှ DVB T 2 စနစ်နဲ့ ထုတ်လွှင့်မှာဖြစ်ပြီး set top box ဒါမှမဟုတ် ဒီဂျစ်တယ် ဖမ်းစက်ပါရှိတဲ့ တီဗွီအမျိုးအစားတွေနဲ့ အခမဲ့ ဖမ်းယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ရုပ်သံထုတ်လွှင့်မှုကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေ ၉၀ နီးပါးတက်ရောက်ခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား က တာဝန်ရှိသူတွေက ရုပ်သံလိုင်းထုတ်လွှင်မှု နဲ့ ပတ်သက်ပြီး ကုန်ကျစရိတ် တွက်ချက်ထားမှု၊ ရုပ်သံထုတ်လွှင်မှုအတွက် အဆောက်အဦတည်ဆောက်မှု၊ စက်ပစ္စည်းပိုင်း တပ်ဆင်နိုင်မှု၊ နည်းပညာပိုင်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တာတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနက Sky Net ရုပ်သံလိုင်းနဲ့ Forever Channel ရုပ်သံလိုင်းတွေကို ထုတ်လွှင့်ခွင့်ပေးထားပါတယ်။ အောင်ကိုကိုလတ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024