ဘားအံမြို့ အထည်ချုပ်စက်ရုံအနီး လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား
DVB
·
August 26, 2016
ကရင်ပြည်နယ် ဘားအံမြို့ရှိ မဟာဘားအံ အထည်ချုပ်စက်ရုံဝင်း အနီးမှာ ဒီကနေ့ မနက် ၉ နာရီကျော်လောက်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ အစိုးရပြန်ကြားရေးကသတင်း ထုတ်ပြန်ပါတယ်။
ဘားအံ-လှိုင်းဘွဲ့သွား ကားလမ်းရဲ့ ယာဘက်၊ မိုင်တိုင်အမှတ် (၉ ဒသမ ၆ ကီလို) အနီး ညောင်ပင်အောက်ခြေမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အထည်ချုပ်စက်ရုံနဲ့ ပေ ၃ဝဝ ခန့်ကွာဝေးတဲ့နေရာမှာ ပေါက်ကွဲခဲ့တာကြောင့် လူတွေ ထိခိုက်ဒဏ်ရာရခြင်းမရှိသလို အဆောက်အအုံတွေလည်း ပျက်စီးခြင်းမရှိဘဲ ညောင်ပင်ကိုင်းအချို့သာ မီးစွဲလောင်ကျွမ်းခဲ့ တယ်လို့ ဆိုပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ ပေါက်ကွဲတဲ့မိုင်းဟာ သံပိုက်လုံးကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ဖြစ်နိုင်ပြီး နယ်မြေခံရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာဝန်းကျင်မှာ မိုင်းရှင်းလင်း လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကလည်း ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်အနီးမှာ အလားတူ လက်လုပ်မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ခုသီတင်းတပတ်အတွင်းမှာ ပေါက်ကွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းတွေရဲ့ လက်ချက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။