Home
မြန်မာသတင်း
ခိုလမ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သား ၂ ဦး ဓားခုတ်ခံရ
နန်းမြနဒီ
·
August 26, 2016
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့နယ်ထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သား ၂ ဦးတို့  ဓားခုတ်ခံခဲ့ရပါတယ်။ သြဂုတ် ၂၄ ရက် မနက် ၇ နာရီလောက်က စိုင်းဘောဂ ဆိုသူ လူတဦး အိမ်ရှေ့ရောက်လာပြီး ဖခင်ဖြစ်သူ ရပ်ကွက် ၆ အုပ်ချုပ်ရေးမှူး လုန်းစရေးကာလိန်ကို ဓားနဲ့ ၀င်ခုတ်ခဲ့တယ်လို့ သားဖြစ်သူ စိုင်းယန်နက ဒီဗွီဘီကို ပြောပါတယ်။ “အဖေဆီမှာ အိမ်ထောင်စုစာရင်းကိစ္စနဲ့ လာဆက်သွယ်ဖူးတဲ့ စိုင်းဘောဂဆိုတဲ့လူက တနေ့က မနက်စောစော အိမ်ရှေ့ရောက်လာတယ်၊ ပြီးတော့ ဓားရှည်လည်းပါတယ်။ အဖေက ဘာကိစ္စလဲလို့မေးတော့  သတ္တိစမ်းချင်လို့တဲ့၊ အဖေက ပြဿ နာရှိရင် အေးအေးဆေးဆေးပြောပါ ဆိုတာ သူက မရဘူး၊ ဓားအိမ်ထဲက ဓားရှည်ထုတ်ပြီး အဖေ့ကို ခုတ်တယ်၊ ကျနော် နဲ့ ကျနော့် ညီလေးက ၀င်တားတော့ ကျနော်တို့ ၂ ယောက်လုံးပါ အခုတ်ခံရတယ်။ ပြီးတော့ ကျနော်တို့အော်တော့ အိမ်နီးချင်းတွေ ၀ိုင်းအုံလာတော့ သူလည်းထွက်ပြေးသွားတယ်။ အဖေက ခေါင်းနဲ့ လက်မောင်းမှာ ဒဏ်ရာရတယ်၊ ကျနော်လည်း  ခေါင်းမှာတချက် ညာ ဘက်လက်မှာ တချက်၊ ကျနော့်ညီလည်း လက်မှာ ၃ ချက်ထိတယ်။ အဖေက ဒဏ်ရာပိုပြင်းတယ်၊ အခုကျနော်တို့အားလုံး ခိုလမ်ဆေးရုံမှာ။” သူတို့မိသားစုဟာ စိုင်းဘောဂဆိုသူနဲ့ ပြဿနာကြီးကြီးမားမား ဘာမှမရှိခဲ့ဖူးကြောင်း ၊ သူဟာ ထိုင်းမှာအလုပ်သွားလုပ်ပြီး ခိုလမ်မှာ အိမ်ထောင်စုစာရင်း နဲ့ မှတ်ပုံတင်လုပ်ဆောင်လိုတဲ့ အတွက် ဖခင် (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ထံ ထောက်ခံစာ လာတောင်းထားတာမှာ ဖခင်က လားရှိုးမှာရှိတဲ့ သူ့ရဲ့ မူရင်းအိမ်ထောင်စုဇယားကို သွားယူခိုင်းပြီး အဲဒီဟာပါမှ ထောက်ခံပေး လို့ရကြောင်း ပြောခဲ့ဖူးကြောင်း၊ သူ့စိတ်ထဲမှာ ဖခင်က လုပ်မပေးချင်ဘူးလို့ အထင်လွဲသွားတာ ဖြစ်နိုင်ကြောင်း စိုင်းယန်နက ပြောသွားပါတယ်။ သူ့ဖခင်ဟာ ရပ်ကွက်လူကြီးလုပ်လာတာ ၃ နှစ် ရှိပြီဖြစ်ပြီး ခိုက်ရန်ပြုခြင်းခံရတာ ဒါဟာ ပထမဆုံးအကြိမ်ပဲလို့ သူကဆက်ပြောပါတယ်။ ဓားခုတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ စိုင်းဘောဂကို ခိုလမ်ရဲစခန်း တာဝန်ရှိသူတွေက သြဂုတ်လ ၂၅ ရက် ညနေပိုင်းမှာ ပန်ဆာကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပြီလို့ ဆိုပါတယ်။ ခိုလမ်ရဲစခန်း တာဝန်ရှိသူတွေကိုတော့ ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး ။ ဓာတ်ပုံ - စိုင်းနော်ခန်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024