Home
မြန်မာသတင်း
မွန်အမျိုးသားညီလာခံမှ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ မူဝါဒ ၁၁ ချက် ချမှတ်
နန်းမြနဒီ
·
August 26, 2016
လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြသွားဖို့အတွက် မွန်အမျိုးသားညီလာခံက အနာဂတ်ပြည်ထောင်စုဆိုင်ရာ မူဝါဒ ၁၁ ချက်ကို ချမှတ်ခဲ့ပါတယ်။ မွန်လက်နက်ကိုင်အဖွဲ့၊ မွန်နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်၊ ရဟန်းသံဃာနဲ့ လူမှုအခြေပြုအဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၄၄၀ ကျော်ဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ကော့ပေါလော့ကျေးရွာမှာ သြဂုတ် ၂၂ မှ ၂၄ အထိ ၃ ရက်တာ တွေ့ဆုံဆွေးနွေးပြီး အခုလို မူဝါဒ ချမှတ်ခဲ့တာလို့ ညီလာခံတက်ရောက်သူ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီ တမက ဒီဗွီဘီကို ပြောပါတယ်။ “ဒီကွန်ဖရင့်မှာ ဖက်ဒရယ်မူကြမ်းနဲ့ ပတ်သက်ပြီးတော့မှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက  မူကြမ်းနဲ့ စာတမ်းတွေ အသီးသီးတင်ခဲ့တယ်လေ။ ကျနော်တို့ မွန်အမျိုးသားပါတီရယ်၊ မွန်ပြည်သစ်ပါတီရယ်၊ မွန်အရပ်ဘက်အဖွဲ့အစည်းရယ် ၃ စောင်ပါ၊ အဲဒီစာတမ်းတွေကို သုံးသပ်ခြုံငုံပြီးတော့မှ အနာဂတ်ဖက်ရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ အခြေခံရမယ့်မူ ၁၁ ချက်ကို ဘုံသဘောတူညီချက်အဖြစ် ချမှတ်ခဲ့တာပါ။ မွန်တမျိုးသားလုံးရဲ့ စုစည်းတဲ့ အသံတခုအနေနဲ့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အဲဒီအသံကို ပြည်ထောင်စုညီလာခံကို သယ်သွားပြီးတော့မှ ဒါကိုအခြေခံပြီး ကျနော်တို့က ဆွေးနွေးသွားမှာပါ။” မူ ၁၁ ချက်ထဲမှာ အဓိကအားဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ အမျိုးသားများပြည်နယ်ကို အခြေခံတည်ဆောက်ဖို့၊ အမျိုးသားပြည်နယ်တွေက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်ရရှိရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ အာဏာခွဲဝေမှုရှိဖို့၊ ပြည်ထောင်စုအဆင့်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်ထားရှိဖို့၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ လိုက်လျောညီထွေရှိတဲ့ ပြည်ထောင်စုတရပ် ဖွဲ့စည်းဖို့၊ လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပြဋ္ဌာန်းပေးဖို့၊ ဌာနေတိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပြဋ္ဌာန်းပေးဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတခုရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် မွန်တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအရှိန်အဟုန် မြှင့်တင်ဖို့အတွက် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ မွန်တမျိုးသားလုံး သွေးစည်းညီညွတ်ရေးအတွက်လည်း မွန်တမျိုးသားလုံးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပေါ်ဖို့ ဖွဲ့စည်းတဲ့ခါမှာ အခြေခံရမယ့်မူတွေ စည်းမျဉ်းတွေ သုံးသပ်လေ့လာဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ကျိုက်မရောမြို့နယ်ထဲမှာ အမ်ပီအာရ်ကုမ္ပဏီက ဆောင်ရွက်နေတဲ့  ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေးသုံး လျှပ်ဓာတ်အားထုတ်ယူမှုဟာ သဘာ၀၀န်းကျင်နဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် တမျိုးသားလုံးအနေနဲ့ ကန့်ကွက်သွားဖို့လည်း သဘောတူခဲ့ကြတယ်လို့ နိုင်လယီ တမက  ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024