ဆိုမာလီမြို့တော် ကမ်းခြေစားသောက်ဆိုင်ကို စစ်သွေးကြွ တိုက်ခိုက်

ဓာတ်ပုံ - ရိုက်တာ
ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်က ကမ်းခြေစားသောက်ဆိုင်ကို အယ်လ်ရှာဘတ် စစ်သွေးကြွတွေ သြဂုတ် ၂၅ ရက်က တိုက်ခိုက်ခဲ့ပါတယ်။ ကားဗုံးတလုံး ခွဲခဲ့အပြီး သေနတ်သမားတွေက အဆောက်အဦကို ဝင်စီးခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ညဘက်မှာ ပစ်ခတ်သံတွေ ပြတ်တောင်း ပြတ်တောင်း ကြားနေရပေမယ့် သေဆုံးသူ ဘယ်လောက်များလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေက ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ ပြောပါတယ်။ ဆိုမာလီနိုင်ငံအတွင်း အယ်လ်ရှာဘတ်တွေက အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားရင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေခဲ့တာပါ။ ဇန်နဝါရီလကလည်း အယ်လ်ရှာဘတ်တွေက လီဒိုကမ်းခြေရှိ တခြားစားသောက်ဆိုင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူ ၁၇ ဦး သေဆုံးခဲ့ပါသေးတယ်။ သြဂုတ် ၂၁ ရက်ကလည်း ဆိုမာလီရဲ့ ပွန့်လန်းဒေသ အစိုးရဌာနချုပ်မှာ ကားဗုံး ၂ လုံး ပေါက်ကွဲလို့ လူအယောက် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ အယ်လ်ရှာဘတ် သူပုန်တွေကို အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးတပ်က ၂၀၁၁ မှာ မြို့တော် မိုဂါဒစ်ရှူးကနေ တိုက်ထုတ်ခဲ့တာပါ။ ဒါပေမယ့် အစိုးရပြုတ်ကျရေး မကြာခဏ တိုက်ခိုက်နေလို့ ခြိမ်းခြောက်မှု အလားအလာအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up