မြန်မာအမျိုးသားတဦးကို သတ်ပြီး ဖုန်းလုသည့် ထိုင်း ဂိုဏ်းစတားများကို ဖမ်းဆီး
DVB
·
August 26, 2016
ထိုင်းနိုင်ငံ ချင်းမိုင်မှာ မြန်မာအမျိုးသားတဦးကို သတ်ဖြတ်ခဲ့တဲ့ ဂိုဏ်းစတားအဖွဲ့ထဲက လူငယ် ၂ ဦးကို ဖမ်းဆီးလိုက်ပြီး ၄ ဦးက ထွက်ပြေးနေပါတယ်။
သြဂုတ် ၂၄ ရက် မနက်အစောပိုင်းမှာ ဂိုဏ်းစတားအဖွဲ့ဝင် ၆ ဦး ရတနကိုစင် လမ်းဆုံနားက အခန်းတခုကို ဖျက်ပြီး ၃ မိနစ်အကြာမှာ ထွက်ပြေးသွားတာကို လုံခြုံရေး ကင်မရာမှာ မြင်တွေ့ခဲ့ကြတာလို့ ချင်းမိုင်သတင်းက ရေးပါတယ်။
ဒီနောက် အခန်းပိုင်ရှင်က ၈ နာရီလောက် အခန်းထဲကို သွားရောက်ကြည့်ရှုရာမှာ မြန်မာအမျိုးသားတဦး သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူဟာ ချင်းမိုင်မှာ နေထိုင် အလုပ်လုပ်နေတဲ့ အသက် ၂၈ နှစ်အရွယ် စိုင်းရာငင်းဆိုသူဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။
လုံခြုံရေးကင်မရာကို စစ်ဆေးကာ ဒေသခံတွေကို မေးမြန်းအပြီးမှာတော့ တိုက်ခိုက်တဲ့သူတွေကို ရဲတွေက ဖော်ထုတ်ကာ သြဂုတ် ၂၅ ရက်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဖမ်းဆီးလိုက်တဲ့အထဲ မိုရာကောက်ဟိုတယ်မှာ ပုန်းနေတဲ့ အသက် ၁၉ နှစ်ရှိ ချန်နဲ့ သက်တူရွယ်တူ မြန်မာအမျိုးသား ၀မ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလူတွေက တိုက်ခိုက်တဲ့သူတွေ ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။
စိုင်းရာငင်းက သူတို့အဖွဲ့ထဲက တဦးဆီမှာ ဖုန်းဝယ်ပြီး ပိုက်ဆံပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အခန်းတံခါးကိုဖွင့်ကာ ဖုန်းယူဖို့ သွားရောက်ရာမှာ ပြန်ခုခံခဲ့တဲ့အတွက် ဓား၊ ပုလင်းခွံတွေနဲ့ ထိုးသတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန် ၄ ဦးက ချင်းမိုင်ကနေ ထွက်ခွာသွားပြီလို့ ယူဆရပေမယ့် ရဲတွေက လိုက်လံခြေရာခံနေပါတယ်။