ကညွတ်ကွင်းတွင် လမ်းဘေးသစ်ပင်ကို ကားဝင်တိုက်၊ ၄ ဦး သေဆုံး
DVB
·
August 25, 2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှာ ဒီကနေ့မွန်းလွဲပိုင်းက အိမ်စီးကားတစီး လမ်းဘေးသစ်ပင်ကို ၀င်တိုက်မိပြီး တိမ်းမှောက်ခဲ့လို့ ၄ ဦး သေဆုံးသွားပါတယ်။
ရန်ကုန် - မန္တလေးလမ်းဟောင်း တောင်ဘက်ဂုံးတဲကျေးရွာအနီး မိုင်တိုင်အမှတ် ၁၂၉ / ၇ နှင့် ၁၃၀ အကြားမှာ ယာဉ်မောင်း ဝင်းလွင်ဦး မောင်းနှင်လာတဲ့ ကယ်လ်ဒီးနား အမျိုးအစား အနက်ရောင်ကားက လမ်းဘေးထိုးကြပြီး လမ်းဘေး သစ်ပင်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်ပေါ်မှာ လူ ၆ ဦး လိုက်ပါလာပြီး ၄ ဦး သေဆုံးကြောင်း၊ သေဆုံးသူတွေကတော့ ကလးကလေး ၁ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးကိုတော့ ကညွတ်ကွင်းဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
“ကားက အရမ်းအရှိန်ပြင်းတယ်၊ လေယာဉ်ပျံလား ထင်ရတယ်။ တခါမှ ဒီလောက် မြန်တာမမြင်ခဲ့ရဘူး။ ဝီဆိုတဲ့အသံကြီးထွက်ပြီး လမ်းဘေးကိုဆွဲချသွားတာ” လို့ မျက်မြင်တဦးက ပြောပါတယ်။
ဓာတ်ပုံ - ကျော်အောင် (ကညွတ်ကွင်း)