အီသီယိုးပီးယား အိုလံပစ်ဆုရှင်ကို မိခင်နိုင်ငံပြန်မလာရန် မိသားစုဝင်များ သတိပေး

အိုလံပစ်ဆုတံဆိပ်ရှင်တွေ မိခင်နိုင်ငံ ပြန်ချိန် အခမ်းအနားနဲ့ ကြိုဆိုခံနေရချိန်မှာ အီသီယိုးပီးယား ဆုရှင်ကတော့ အိမ်ပြန်မလာဖို့ သူ့မိသားစုက သတိပေးတာ ခံနေရပါတယ်။ တနင်္ဂနွေနေ့က ကျင်းပတဲ့ အိုလံပစ် မာရသွန်ပွဲမှာ ပန်းဝင်ချိန်မှာ အပြေးသမားက အစိုးရ ဆန့်ကျင်ရေး အမူအယာလုပ်ပြခဲ့တာပါ။ အစိုးရကတော့ အပြေးသမား ဖေယီစာ လီလေဆာကို တိုင်းပြည် ပြန်လာလို့ မရအောင် တားမြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူ့မိသားစုကတော့ သူ့ကို ဝေးဝေးမှာနေဖို့ သတိပေးခဲ့တာပါ။ လစ်လေဆာက ငွေတံဆိပ်ရမယ့် ပန်းဝင်ချိန်မှာ သူ့လက်ကောက်ဝတ် ၂ခု ကို ကြက်ခြေခတ်ပုံထားပြီး ခေါင်းပေါ် တင်ထားခဲ့တာပါ။ ဒီအမူအရာဟာ အာဖရိက ဦးချိုစွန်းက အီသီယိုးပီးယား နိုင်ငံရဲ့ အိုရိုမိယ ဒေသမှာ ဆန္ဒပြသူတွေရဲ့ သင်္ကေတပါ။ မြေယာ အခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး လချီ မငြိမ်မသက် ဖြစ်နေပါတယ်။ ဇွန်လကတော့ ဆန္ဒပြသူ အနည်းဆုံး အယောက် ၄၀၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့က သတ်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watchက ပြောပါတယ်။ အစိုးရက အိုရိုမိယ ဒေသရဲ့ အစိတ်အပိုင်း တချို့ကို မြို့တော် အဒစ် အဘာဘာရဲ့ နယ်နိမိတ်ထဲ ပြောင်းထည့်ဖို့ စီစဉ်ခဲ့တာပါ။ ဒီအချက်ကို ဆန့်ကျင်ပြီး အခွင့်အရေး ချိုးဖောက်ခံရမှု အဆုံးသတ်ရေးနဲ့ ဖမ်းဆီးခံ သဘောထားကွဲလွဲသူတွေကို ပြန်လွှတ်ရေး တောင်းဆိုတဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အစိုးရကတော့ လူသေမှုကို ငြင်းပြီး ဆန္ဒပြသူတွေက တရားမဝင် ချီတက်ခဲ့တာလို့ ပြောပါတယ်။ သူပုန်အုပ်စုတွေနဲ့ နိုင်ငံခြားအခြေစိုက် အစိုးရနဲ့ သဘောထားကွဲလွဲသူတွေက တို့မီးရှို့မီးလုပ်တာလို့လည်း အစိုးရက ပြောပါတယ်။ မာရသွန် ငွေတံဆိပ်ရှင် ဖေယီစာ လီလေဆာ ကလွဲလို့ တခြား အိုလံပစ် အားကစားအဖွဲ့ဝင်တွေ အင်္ဂါနေ့က အီသီယိုးပီးယား မြို့တော်ကို ရောက်လာကြပါပြီ။ အီသီယိုးပီးယား နိုင်ငံဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေ ၁၊ ငွေ ၂ နဲ့ ကြေး တံဆိပ် ၅ ခု ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up