သုံးစွဲရန် မသင့်သည့် အစားအသောက်များ ကျန်းဦးစီး ကြေညာ
DVB
·
August 25, 2016
သကြားလုံး၊ ဂျယ်လီ၊ ရောင်စုံဝေဖာလုံး၊ ဆီတို့ဟူး၊ သရက်သီးသနပ် စတာတွေ အပါအ၀င် အစားအသောက် ၂၆ မျိုးမှာ ခွင့်မပြု ဆိုးဆေးတွေပါနေတဲ့အတွက် စားသုံးရန်မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဈေးနဲ့ ကျောင်းမုန့်ဈေးတန်းတို့မှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ၀ယ်ယူစစ်ဆေးခဲ့ပြီး အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ အစားအသောက်တွေကို စားသုံးရန် မသင့်ဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ရွှေမင်းတံဆိပ် ဂျယ်လီ၊ လင်းစန္ဒာတံဆိပ် ကြက်သွန်မုန့်ခြောက်၊ ကောင်းလွန်း ပဲကြီးလှော်၊ သိန်းပျံ ငရုတ်ဆီ၊ နဂါးရှာလကာရည်၊ မြရတီ ငရုတ်သီးမှုန့်၊ တရုတ်စာတန်းနဲ့ ရောင်စုံဝေဖာလုံး၊ ဟိန်း ငရုတ်သီးအရောင်တင်မှုန့်၊ ရွှေပုစွန် ပုစွန်ငါးပိ၊ ညိုညို ဆီတို့ဟူး၊ ညိုညို သရက်သီးသနပ် စတဲ့ အစားအသောက်တွေမှာ အဏုဇီဝသတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိခြင်း၊ ခွင့်မပြုဆိုးဆေးတွေ သုံးထားခြင်းတို့ကြောင့် စားသုံးခြင်းမပြုကြဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေဟာ အစားအသောက်တွေမှာ သုံးစွဲရန် ခွင့်မပြုထားတဲ့ ဆိုးဆေးတွေကို လုံးဝမသုံးကြဖို့နဲ့ လိုက်နာခြင်းမရှိရင် အမျိုးသား အစားအသောက်ဥပဒေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။