Home
မြန်မာသတင်း
၂၀၁၆ နှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုမှတ်တမ်းတင်
DVB
·
August 25, 2016
၂၀၁၆ ခု ပထမနှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) က သြဂုတ် ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒါဟာ မနှစ်က မှတ်တမ်းထက် ပိုမိုများပြီး ဇန်န၀ါရီလကနေ ဇွန်လအထိ သတ်မှတ်မှု ၁၅ မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှု ၄၀ ကို မှတ်တမ်းတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ များပြားလာတာဟာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ကျူးလွန်ချိုးဖောက်မှုတွေများပြီး ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်နေတာလို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဟန်ကြီးက ပြောပါတယ်။ “ကျနော်တို့ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ နေရာမှာ ကောက်ခံတယ်။ များသော အားဖြင့်တော့ စစ်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တခြားအပစ်ခတ် ရပ်စဲဒေသ တွေ ဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တခြားတိုင်းဒေသကြီးကတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အဓိက ပတ်သက်တာပေါ့။ ချိုးဖောက်မှုအများဆုံး ဒေသကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ အများဆုံး တွေ့ရတယ်။ အဓိကတွေ့ရတာကတော့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုပေါ့နော်။ ဒီကာလ ထူးထူးခြားခြား ဖြစ်တာက အပစ်ခတ်ရပ်စဲရေးဒေသဖြစ်တဲ့ မွန်ပြည်နယ်မှာ ရွာသားနှစ်ယောက်ကို စစ်တပ်ကပစ်သတ်သွားတဲ့ ကိစ္စပေါ့နော်။ အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ဒေသမှာလည်း စစ်တပ်ကနေပြီး ပြည်သူလူထုအပေါ် ကျူးလွန်တာတွေ တွေ့နေရသေးတာပေါ့။” ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကထက်စာရင် အခုနှစ် ပထမ ၆ လမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများရခြင်းမှာလည်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာ တိုင်းရင်းသားလက်နက်ကိုယ် ၈ ဖွဲ့နဲ့အစိုးရတို့အကြား အန်စီအေ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ များလာတာလို့လည်း ဦးဟန်ကြီးက ပြောပါတယ်။ ဒါအပြင် လူ့အခွင့်ရေးချိုးဖောက်မှုတွေမှာ အဓိကအားဖြင့် ညှဉ်းပန်းနှိပ်စက်မှုက အများစုဖြစ်နေတဲ့အတွက် အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထဲမှာ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက်မှုများပပျောက်ရေးစာချုပ်ကို အစိုးရသစ်အနေနဲ့ လက်မှတ်ရေးထိုးသင့်လို့လည်း တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024