မိုးဗြဲရေကာတာ ဖောက်ချသဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့ ရေလွှမ်း
DVB
·
October 14, 2011
ကယားပြည်နယ် မိုးဗြဲရေကာတာက ရေဖောက်ချလို့ လွိုင်ကော်မြို့တဝိုက် ရေလွှမ်းမိုးနေပါတယ်။
မိုးဗြဲရေကာတာကို သက်ဆိုင်ရာကဖောက်ချတာကြောင့် အောက်တိုဘာလ ၁၀ ရက်ကစပြီး လွိုင်ကော်မြို့နားက ရွာတချို့ရေမြုပ်ကုန်တယ်လို့ ရေဘေးလွတ်ရာ တိမ်းရှောင်လာတဲ့ ဒေသခံတဦးက ပြောပါတယ်။
“စက်တင်ဘာ၂၈ ရက်ကစပြီးတော့ ရေလွှတ်တယ်။ ၉ ရက်မြောက်တဲ့အခါ ဖောင်းတောရယ်၊ ဘုရားဖြူရယ် ဘုရားနီရယ်မှာ အိမ်ခြေက ၃၀၀ ကျော်မယ်။ လူဦးရေက ၂၀၀၀၀ လောက်ရှိမယ်။ အဲဒီမှာ မြုပ်ကုန်ပြီ။ လူတွေ အကုန်လုံးပြောင်းကုန်ပြီ။ လွယ်ကော်ဘက်နန်းကွတ်က တကယ့် စိုးရိမ်ရတဲ့ နေရာတွေ အဲဒီမှာရေထပ်များလာရင်တော့ ဟိုးဘက်အောက်ရေကလျှံသွားမှာလေ။”
KDRG ခေါ် ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့က တာဝန်ခံ ခူသောရယ်က ရေဘေးဒုက္ခသည်တွေမှာ အရေးပေါ်အကူအညီတွေလိုနေတယ်လို့ဆိုပါတယ်။
“ရေကလည်းဖောက်ချနေတုန်းပဲ။ ရွာ ၃ ရွာကတော့ ရေမြုပ်တာပေါ့နော်။ တထပ်အိမ်ဆို ခေါင်မိုးအထိ ရေရောက်တယ်။ ဘုရားဖြူ၊ ဘုရားနီ၊ ခေါင်းတော အဲဒီမှာတော့ ရေအဆိုးရွားဆုံးကြီးတယ်။ လွိုင်ကော်မြို့ပေါ်တွေမှာလည်းကြီးတယ်။ ဒါပေမယ့် အဲဒီ ၃ ရွာလောက်တော့ ရေက မတက်ဘူးပေါ့။ အစိုးရက လူတွေကို ထွက်သွားဖို့တော့ တိုက်တွန်းတာတွေရှိတယ်။ အကူအညီကတော့ ဒေသခံလူမှုအဖွဲ့အစည်းတွေကပဲ သူ့နည်းသူ့ဟန်၊ ကိုယ်ထူကိုယ်ထနဲ့ပဲ အချင်းချင်းကူကြတယ်။ သူတို့ အရေးတကြီး လိုအပ်နေတာက လောင်စာပေါ့နော်၊ မီးသွေး။ သောက်ရေရယ်၊ အစားအစာပေါ့၊ နောက်တခုက ဆေးဝါး။”
မိုးဗြဲရေကာတာက ရေဆက်စပ်စီးဆင်းလာတဲ့ ဘီးလင်းချောင်းမြစ်ဝှမ်းတလျှောက်မှာရှိတဲ့ စိုက်ပျိုးရေးနယ်မြေတွေ ရေလွှမ်းမိုးတာကြောင့် စိုက်ပျိုးရေးထွက်ကုန်သီးနှံတွေ ပြတ်လပ်လာတဲ့အပြင် ဆန်ဈေး ၂ ဆနီးပါးတက်သွားပြီ ဖြစ်ပါတယ်။
အရင် ကျပ် တသောင်းခွဲပေးရတဲ့ သုံးပုံးဝင် ရှမ်းဆန်အိတ်ငယ်တအိတ်ကို အခု ကျပ် ၂ သောင်းခွဲနီးပါးပေးရပြီး ဗမာဆန်ကတော့ ကျပ် တသောင်းခွဲအထိ ဈေးတက်နေပါတယ်။
ကယားပြည်နယ်မှာ မနှစ်က မိုးခေါင်ခဲ့လို့ ဆန်စပါးမထွက်နိုင်ခဲ့သလို အခုနှစ်မှာတော့ ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးထားတဲ့ဆန်စပါးတွေ အားလုံးနီးပါးပျက်စီးကုန်ပြီဟု ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်မှာရှိတဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ပံ့ပိုးဖို့မိုးဗြဲရေကာတာကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးနေဝင်းအစိုးရလက်ထက် ၁၉၆၂ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီရေကာဆောက်လုပ်မှုကြောင့် ကယား၊ ကယန်း၊ ပဒေါင်နဲ့ ပအို့လူမျိုးတွေအခြေချနေထိုင်ခဲ့တဲ့ ရွာပေါင်း ၂၄ ရွာ ရေအောက်ကို မြုပ်သွားပါတယ်။
မိုးဗြဲရေကာတာရေလျှံမှုကြောင့် ကယားပြည်နယ်မှာ အခုလို ရေလွှမ်းမိုးမှုတွေ ဖြစ်နေပေမယ့် မြန်မာအစိုးရနဲ့ချုပ်ဆိုထားတဲ့ နားလည်မှု စာချွန်လွှာတွေအရ တရုတ်ကုမ္ပဏီဟာ ဒီနှစ်အတွင်း ရေကာတာ ၃ ခုကို ကယားပြည်နယ်အတွင်း တည်ဆောက်ရေးအတွက် ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။