မန္တလေးအနောက်တောင်ဘက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်
DVB
·
August 24, 2016
သြဂုတ် ၂၄ရက် မြန်မာစံတော်ချိန် ၅ နာရီ ၅ မိနစ်လောက်က မန္တလေးမြေငလျင်စခန်းမှ အကွာအဝေး အနောက်တောင်ဘက် (၁၂၉) မိုင်လောက်မှာ အင်အားပြင်း ရစ်ခ်ျစတာစကေး ၆.၅ ရှိ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မြန်မာနိုင်ငံ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်း အခုထုတ်ပြန်တဲ့ ကနဦးမြေငလျင်သတင်းဟာ အလိုအလျောက်တွက်ချက်မှုမှ ရရှိတဲ့ သတင်းအချက် အလက်တွေသာဖြစ်ပြီး တာဝန်ကျ မြေငလျင်ဝန်ထမ်းတွေက Manual ပြန်လည်တွက်ချက်ပြီး မြေငလျင်သတင်းကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲက ညွှန်ကြားရေးမှုး ဦးကျော်လွင်ဦးက ငလျင်ဗဟိုချက်ဟာ မကွေးတိုင်းထဲလို့ ခန့်မှန်းပြောလိုက်ပြီး အတိအကျတော့ မသိသေးဘူးလို့ ဆိုပါတယ်။
“ကျနော့်ဆီ သတင်းရတာကတော့ စစ်တွေလည်း လှုပ်တယ် ပြောတယ်။ သပိတ်ကျင်းလည်း လှုပ်တယ်၊ ခံစားရတယ်၊ ရန်ကုန်လည်း ခံစားရတယ်၊ နေပြည်တော်လည်း ခံစားရတယ်၊ နောက်ပြီးတော့ မြင်းခြံတို့ဘက်လည်း ခံစားရတယ် ပြောတယ်။ အတိအကျ သတင်းအချက်အလက်တို့ ဘာတို့တော့ ကျနော်တို့ဆီကို မရောက်သေးဘူး။”