ပြင်းအား ၆ ဒသမ ၂ ရှိ အီတလီ ငလျင် အနည်းဆုံး လူ ၆ ဦးသေ

ဓာတ်ပုံ - news.sky.com
အီတလီအလယ်ပိုင်းကို ပြင်းအား ၆ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်ပြီးတဲ့နောက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး အဆောက်အဦတွေ ပျက်စီးကုန်တယ်လို့ စကိုင်းသတင်းမှာ ဖော်ပြပါတယ်။ သြဂုတ် ၂၄ ရက် ဒေသစံတော်ချိန် မနက် ၃ နာရီခွဲမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး လှုပ်ခတ်တာကို ရောမမြို့ကနေလည်း ခံစားရတယ်လို့ ဆိုပါတယ်။ ဥရောပ မြေထဲပင်လယ် ငလျင်တိုင်းတာရေး စခန်းကတော့ ငလျင်က ရောမရဲ့ အနောက်မြောက်ဘက်ကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တာလို့ ထုတ်ပြန်သလို အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်တမ်းအဖွဲ့ကတော့ ပြင်းအား ၆ ဒသမ ၂ ရှိတယ်လို့ ပြောပါတယ်။ အီတလီသတင်းဌာနတွေကတော့ ငလျင်ဗဟို အရှေ့ဘက်က မာချေးဒေသမှာ အိမ်ပြိုသွားတဲ့အတွက် အသက်အရွယ်ကြီးရင့်တဲ့ လင်မယားစုံတွဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်ခဲ့တဲ့ အကူမိုလီမြို့က မြို့တော်ဝန်ကတော့ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့ မိသားစုဝင် ၄ ဦး အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ငလျင်လှုပ်ခတ်ခဲ့တဲ့ အမ်မာထရစ် မြို့တော်ဝန်ကလည်း အိမ်တွေပြိုကျခဲ့ပြီး မြို့လယ်မှာ မီးပျက်သွားတယ်လို့ ပြောပါတယ်။ ပိတ်မိနေတဲ့လူတွေကို ကယ်ဆယ်ဖို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်တော့ မရသေးဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up