Homeမြန်မာသတင်း
ထောင်တကာလှည့်ပြီး နိုင်ငံရေးအကျဉ်းသား အားပေးမည့်အလုပ် ဒီနေ့စလုပ်ပြီဟု ဇာဂနာပြော
ထောင်တကာလှည့်ပြီး နိုင်ငံရေးအကျဉ်းသား အားပေးမည့်အလုပ် ဒီနေ့စလုပ်ပြီဟု ဇာဂနာပြော
ရွှေအောင်
·
October 14, 2011
အကျဉ်းထောင်အသီးသီးမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား မိတ်ဆွေတွေကို လိုက်လံအားပေးတဲ့အလုပ်ကို ဒီနေ့ပဲ စလုပ်နေပြီလို့ ကိုဇာဂနာက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မြစ်ကြီးနားထောင်က ပြန်လွတ်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက ထောင်ကလွတ်ပြီးတဲ့နောက် အခုလို ထောင်အသီးသီးကိုလှည့်ပြီး အားပေးတာတွေ လုပ်မယ့်အကြောင်းနဲ့ အခု ပစ္စည်းတွေ လာရောက်လှူဒါန်းထားတာတွေ ရှိနေပြီလို့ ပြောပါတယ်။
“ကျနော်ကိုယ်တိုင် လှူမယ့် ပစ္စည်းတွေယူပြီး လားရှိုး၊ တောင်ကြီး စသည်ဖြင့် သွားပါမယ်။ ထောင်ဝင်စာကတော့ တွေ့လို့မရပေမယ့် ပါဆယ်ပေးလို့ရပါတယ်။ သူတို့ကို အားပေးတဲ့သဘောပါ။ သူတို့နောက်မှာ အမြဲရှိတယ်ဆိုတာ သိစေချင်လို့ အားပေးတဲ့သဘောပါ။ သူတို့စိတ်အားငယ်သွားမှာစိုးတာလည်းပါတယ်။”
သူစည်းရုံးဦးဆောင်လုပ်မယ့် ဒီအလုပ်မှာ အနုပညာရှင်တချို့ ပါဝင်တယ်လို့ ပြောပါတယ်။
“အခုလည်း ကျနော့်အနားမှာ ကိုအရိုင်း၊ ကိုမုန်းခက်၊ ကိုဇင်ဝိုင်း၊ မင်းမော်ကွန်းလေးတို့ကိုလည်း ပြောထားတယ်။ စိုင်းစိုင်းခမ်းလှိုင် တို့ကိုလည်း ညကကျနော် ပြောထားပါတယ်။ သူလည်းသဘောတူထားတယ်။ အခု ကျနော်က အင်တာဗျူးတွေလည်း အများကြီး ဖြေနေရတော့ တချို့တွေကို အကြောင်းမကြား နိုင်သေးဘူး။ အကြောင်းကြားရင်တော့ ကျန်တဲ့အနုပညာရှင် တွေလည်း ကျနော်နဲ့အတူ ဝိုင်းဝန်း ပါဝင်မယ်လို့ ယုံကြည်ပါတယ်။”
အောက်တိုဘာ ၁၈ ရက် ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အပြီးမှာ ထောင်တွေမှာ လှည့်လည်အားပေးမယ့် အစီအစဉ်ကို စတင်မှာ ဖြစ်တဲ့အကြောင်းနဲ့ ပထမဆုံး တောင်ကြီးထောင်ကို သွားမယ်လို့ ပြောပါတယ်။
အခုလို အကျဉ်းထောင်တွေလှည့်ပြီး လိုက်လံ အားပေးတဲ့အလုပ်ကို ဇောက်ချ လုပ်နိုင်ဖို့အတွက် အနုပညာအလုပ်တွေလုပ်ဖို့ အချိန်မပေးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။