Home
မြန်မာသတင်း
ဝန်ကြီးဌာန ၁၄ ခု အသုံးစရိတ်လျော့ချရန် လွှတ်တော်အတည်ပြု
DVB
·
August 23, 2016
ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန ၁၄ ခုရဲ့ အသုံးစရိတ်လျော့ချဖြတ်တောက်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အတည်ပြုပါတယ်။ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပေဒကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မီတီက အသုံးစရိတ်လျော့ချဖြတ်တောက်ဖို့ ဌာန ၁၆ ခုကို အဆို တင်တဲ့အနက် ၁၄ ခုကို မဲခွဲအတည်ပြုခဲ့တာပါ။ ကော်မတီက မူလတင်သွင်းတဲ့အဆိုမှာ ၀န်ကြီးဌာန ၁၆ ခုရဲ့ အသုံးစရိတ်ထဲကနေ စုစုပေါင်း ကျပ်သန်းပေါင်း ၄၇၈ ၄၅၂ ကျော်ကို လျော့ချသုံးစွဲဖို့ ဖြစ်ပါတယ်။ အဆိုပါဝန်ကြီးဌာနနှစ်ခုက အသုံးစရိတ်ကို မူလအတိုင်းဆက်လက်ထားရှိမှာဖြစ်လို့ ကိန်းဂဏန်းအပြောင်းအလဲ ရှိမှာဖြစ်ပြီး တိတိကျကျ မသိရသေးပါဘူး။ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၉၆ ဦးထဲက ထောက်ခံမဲ၊ ကန့်ကွက်သူနဲ့ မဲမပေးသူအရေအတွက် တွေကိုကြည့်ခြင်းအားဖြင့် အနိုင်ရပါတီရောသာမက အတိုက်ခံပါတီတွေရော၊ တပ်မတော်သား ကိုယ်စား လှယ်တွေပါ ထောက်ခံမဲထည့်ခဲ့ကြတာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ ၂ ခုကိုတော့ အသုံးစရိတ်ဖြတ်တောက်ခြင်းမရှိဘဲမူလအတိုင်းသုံးစွဲဖို့ ခွင့်ပြုတယ်လို့ သနပ္ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။ သူက “၀န်ကြီးဌာန ၂ ခုက ပြန်လည်ပြီးတော့ အဆိုပြုပြီးတော့ တင်ပြတယ်။ အဲဒါ မဲခွဲဆုံးဖြတ်တဲ့အခါမှာ ၀န်ကြီးဌာနက အဆိုပြုတဲ့အတိုင်း အတည်ဖြစ်တယ်။ ကျန်တာအားလုံး ကတော့ သူတို့ မူလ အဆိုပြုတဲ့အတိုင်း အတည်ဖြစ်တယ်။” လို့ပြောပါတယ်။ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး တိုင်းရင်းသားလူမျိုးများရေးရာနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး စတဲ့ ၀န်ကြီးဌာနတွေကတော့ အသုံးစရိတ်ဖြတ်တောက်ရာမှာ မပါ ၀င်ပါဘူး။ လက်ရှိဘဏ္ဍာရေးနှစ်မှာ အစိုးရသုံးစွဲဖို့ ဘတ်ဂျက်အတည်ပြုခဲ့တာဟာ ပထမအကြိမ်ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရ ဖွဲ့စည်းတဲ့အခါ ယခင်ကရှိခဲ့တဲ့ ၀န်ကြီးဌာနပေါင်း သုံးဆယ်ကျော်ကို ပေါင်းစည်းလျော့ချခဲ့ပြီး ဘဏ္ဍာငွေ အသုံးစရိတ်လျှော့ချမှုကို ဆောင်ရွက်ခဲ့ပါတယ်။ အခုတကြိမ် ထပ်မံပြီး အသုံးစရိတ်ကို လျော့ချဖြတ် တောက်တာဖြစ်ပါတယ်။ အသုံးစရိတ်လျော့ချဖို့ အဆိုတင်သွင်းရာမှာပါဝင်တဲ့ ၀န်ကြီးဌာန ၁၆ ခုကတော့ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်းကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်းကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိမ်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။ ကျပ်သန်း ၁၀၀ ကျော်အသုံးစားရိတ် လျော့ချခဲ့တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ “ကျနော်တို့ ဘတ်ဂျာက်လျော့တာပါတယ်။ ဘတ်ဂျက်အနေနဲ့က ကျနော်တို့မှာ သာမန်ရှိတယ်။ ငွေလုံးငွေရင်းရှိတယ်။ သာမာန်နဲ့ပတ်သက်လို့ ကျနော်တို့ လုံးဝမလျော့ဘူး။ ငွေလုံးငွေရင်းနဲ့ ပတ်သက်လို့ အလျော့ခံရတာရှိတယ်။ ကျနော်တို့ဝန်ကြီးဌာနမှာ ၀န်ကြီးရုံးမှာ သုံးစွဲတဲ့ ဘတ်ဂျက်ရှိတယ်။ နောက်တော့လူမှုဝန်ထမ်းဌာနက သုံးစွဲတဲ့ ဘတ်ဂျက်ရှိတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၃ ခု ရှိတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဘတ်ဂျက်က လုံးဝမလျော့ဘူး။ လူမှုဝန်ထမ်းဝန်ကြီး ဌာနနဲ့ ၀န်ကြီးရုံး အသုံးစားရိတ်နဲ့ ပတ်သက်ပြီးလျော့တာရှိတယ်။ ၀န်ကြီးရုံးက ကျပ်ငွေ ၂.၈၅ သန်းလျော့တယ်။ လူမှုဝန်းထမ်းဝန်ဌာနနဲ့ပတ်သက်လို့ ၉၇.၆၃၇ သန်းလျော့တယ်။ စုစုပေါင်း ၁၀၀.၄၈ ကိုလျော့ထားတယ်။ ” လို့ ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သာမာန်အသုံးစရိတ်ငွေ ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ထဲက ၁၃၃၆. ၅၅ သန်း၊ ငွေလုံးငွေရင်းသန်း ၅၀၀၀ ကျော်ထဲက ကျပ်သန်းပေါင်း ၉၈.၉၇၆ သန်းကို အသီးသီးလျော့ချ လိုက်တဲ့အတွက် နှစ်ခုပေါင်းလျော့ချငွေဟာ ၁၄၃၄ သန်းကျော် ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အတွက် ဥပဒေအတည်ဖြစ်ပြီး အတည်ပြုထားတဲ့ အတိုင်း ဆက်လက်ကျင့်သုံးကြရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024