Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ချင်ရှိယွမ်းရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တုကို လေ့လာ
DVB
·
August 21, 2016
တရုတ်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ သြဂုတ် ၂၀ ရက်နေ့ မနက်ပိုင်းက ရှန်ရှီးပြည်နယ် ရှီအန်းမြိုရှိ ချင်ရှိယွမ်း ရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တုတွေ (Qin Terra Cotta Warriors and Horses) ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။ ချင်ရှိယွမ်းရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တုတွေကို တရုတ်ပြည်ရဲ့ ပထမဆုံး ဘုရင် ချင်းရှင်ဟွမ် အသက် ၁၃ နှစ် ဘီစီ ၂၄၆ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ၁၁ နှစ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ စစ်သည်တော်တွေ၊ မြင်းရုပ်တွေနဲ့ စစ်ရထားတွေ ပါဝင်တဲ့ အဲဒီရုပ်တုတွေကို ရှီးအန်းမြို့ လင်ထုံမြို့နယ်မှ လယ်သမားတွေက ၁၉၇၄ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်အထိ တူးဖော်တွေ့ရှိခဲ့တဲ့ အဓိက မြေအောက်ကျင်းကြီး သုံးခုမှာ စစ်သည်ရုပ်တုပေါင်း ၈၀၀၀ လောက်၊ စစ်ရထားရုပ် ၁၃၀ လောက်၊ မြင်းရုပ် ၅၂၀ လောက်နဲ့ မြင်းစစ်သည်ရုပ် ၁၅၀ လောက်ကို တွေ့ရှိခဲ့ပြီး ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ၁၉၈၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှန်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Hu Heping နဲ့လည်း တွေ့ဆုံခဲ့ပြီး ရှန်ရှီးပြည်နယ်နဲ့ မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ရှန်ရှီးပြည်နယ်၊ ရှီအန်းမြို့နဲ့ မြန်မာနိုင်ငံရှိ မြို့တမြို့တို့အား ညီအမ မြို့တော် ထူထောင်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် သုတေသန လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရှန်ရှီးပြည်နယ်မှာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဖွဲ့ဟာ ကျိုးမင်းဆက်က ဟွမ်ဘုရင်တည်ဆောက်ခဲ့တဲ့ ဖာမန်ကျောင်းတော် (Famen Temple) ကိုလည်း သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - MOI  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024