ကိုးကန့်၊ ရခိုင်နှင့် တအာင်းပလောင်တပ်များကို ညီလာခံဖိတ်ကြားမည်မဟုတ်ပါ
DVB
·
August 19, 2016
၂၁ ရာစုပင်လုံညီလာကို ကိုးကန့်၊ ရခိုင်နှင့် တအာင်းပလောင် တပ်ဖွဲ့ ၃ ဖွဲ့ကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဖြေကြားကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ၂ ရက်တာကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးမှာ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးတဲ့အဖွဲ့တွေရော၊ မထိုးသေး တဲ့ အဖွဲ့တွေရော ဖိတ်ကြားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒီအတည်ပြုချက်အရ (အန်စီအေ) လက်မှတ်မထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖယ်ဒရယ်ကောင်စီဖွဲ့နဲ့ ဝ၊ မိုင်းလား အဖွဲ့တွေကို ဖိတ်ကြားမှာဖြစ်ပေမယ့်လည်း အဆိုပါ သုံးဖွဲ့ကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ဦးခင်ဇော်ဦးက အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။
ဒီအစည်းအဝေးမတိုင်ခင် ဒီသုံးဖွဲ့ကို မိုင်းလားမှာတွေ့ဆုံခဲ့ရာမှာ “လက်နက်ကိုင်လမ်းစဉ်ကို ချုပ်ငြိမ်းဖို့ ဆန္ဒရှိကြောင်း” ဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ပေးပါမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်လို့ ရနိုင်မယ်လို့ အစိုးရဘက်က ပြောဆိုထားပါတယ်။ ဒီအပေါ် သုံးဖွဲ့က တစုံတရာအကြောင်း မပြန်ကြဘူးလို့ ဆိုပါတယ်။
အဆိုပါ အဖွဲ့ ၃ ဖွဲ့က UPDJC အစည်းအဝေးဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ သူတို့အနေနဲ့ ညီလာခံတက်ရောက်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက “UNFC နဲ့ မတူဘူး။ UNFC က ကျနော်တို့နဲ့ စစ်တိုက်နေတဲ့အဖွဲ့ မဟုတ်ဘူး။ သူတို့က လောက်ကိုင်တိုက်ပွဲ (ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီ ၂၀၁၅ တွင် ပြန်ဖြစ်ခဲ့သည့် စစ်ပွဲ)ကို နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်အောင်လုပ်ထားတဲ့အဖွဲ့ ဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့ ၃ ဖွဲ့ကို သီးခြားစဉ်းစားပါတယ်။ မတူပါဘူး” လို့ဖြေပါတယ်။
“သူတို့က (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) တက်ချင်တိုင်း တက်ဖို့က တောင်ပြုန်းပွဲမှ မဟုတ်တာ” လို့ သူက ပြောဆိုခဲ့ပါတယ်။
ဒီဗွီဘီက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တယ်လီဖုန်းအဆက်အသွယ်ရယူမေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
ငြိမ်းချမ်းရေးကော်မရှင်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်က ဇူလိုင်လ ၁၁ ရက်နေ့မှာ အမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်ရဲ့ တာဝန်တွေကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁ ရာစုပင်လုံ) ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ခြင်း စတာတွေ ပါဝင်ပါတယ်။