Home
မြန်မာသတင်း
နာဂလက်နက်ကိုင်နှင့်အိန္ဒိယအစိုးရ တိုက်ပွဲကြောင့် ကူးစက်ရောဂါကူညီရေးသွားရန် အခက်ကြုံ
နော်နိုရင်း
·
August 19, 2016
နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCN-K နဲ့ အိန္ဒိယအစိုးရတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လဟယ်မြို့နယ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်နဲ့ ကပ်နေတဲ့ နာဂဒေသမှာ ဒီကနေ့မနက်က တိုက်ပွဲတွေ ဖြစ်ပွားနေလို့ လဟယ်မြို့နယ်ထဲက ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ရွှေလောရွာဘက်ကို  နာဂရိုးရာ စာပေနဲ့ယဉ်ကျေးမှု (ဗဟို) အဖွဲ့ ထောက်ပံ့ရေးဆိုင်ကယ် ၂၇ စီးနဲ့ သွားမယ့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရ တယ်လို့ နာဂအမျိုးသားရေးရာကောင်စီ တွဲဘက်အတွင်းရေးမှူး ဦးရှုမောင်က ပြောပါတယ်။ “ကျူးယန်းနယ်၊ ယန်းကျုံးနယ် အဲဒီလဟယ်နယ်ထဲမှာပဲ ကျနော်တို့ ဒီနာဂလက်နက်ကိုင်အဖွဲ့နဲ့ အိန္ဒိယအစိုးရ စစ်တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာ။ မနက် ၃ နာရီလောက်ကတည်းက ဖြစ်တာ အခုချိန်ထိပါပဲ။ အခုရောဂါဖြစ်နေတဲ့ရွာက စစ်ဖြစ်နေတဲ့ နယ်မြေထဲမှာ ဖြစ်နေတာဆိုတော့ ဘယ်လိုမှ အဲဒီနေရာကို ကျနော်တို့ သွားလို့မရဘူး။ ကျနော်တို့သွားမယ့် လူအင်အားအနေအထားနဲ့က လုံခြုံရေးအရ မဖြစ်ဘူးဆိုတဲ့ သတင်းပေးတဲ့ အနေအထားမျိုးဆိုတဲ့အခါကျတော့၊ မသွားဖို့ တားဆီးပိတ်ပင်တာတော့မဟုတ်ဘူး။” တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ NSCN-K ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဟယ်ကတော့ တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ပြောပါတယ်။ “ဟုတ်တယ် လဟယ်မြို့နယ် ရွှေလောဆိုတဲ့ ရွာဘက်မှာပေါ့နော်။ ဒီအိန္ဒိယနယ်စပ်၊ ဗမာဘက်ခြမ်းကို  နည်းနည်းကျရောက်နေတယ်လို့ပြောတယ်။ တိုက်ပွဲဖြစ်တဲ့နေတဲ့ အနေအထားက။ ကျနော်တို့လည်း အဲဒါ အသေးစိတ် စုံစမ်းနေတုန်းပဲ၊ ဒီနေ့မနက် ၉ နာရီက တည်းကဖြစ်တယ်။ အချိန်ထိ မရပ်သေးဘူး။” အဆိုပါတိုက်ပွဲဖြစ်တဲ့ဒေသဟာ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K အခြေစိုက်တဲ့ဒေသဖြစ်ပြီး မြန်မာအစိုးရ တပ်မတော်တပ်စွဲရာနေရာနဲ့  မိုင် ၂၀ လောက်ဝေး တယ်လို့ ဆိုပါတယ်။ အိန္ဒိယတပ်တွေဟာ နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံ နယ်နိမိတ်ထဲ ၀င်ရောက်လာပြီး  တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ နာဂအမျိုးသားရေးရာကောင်စီက ဦးရှုမောင်က ပြောပါတယ်။ “ကျနော်တို့နယ်ထဲ ၀င်လာတဲ့ အနေအထားမျိုးပါပဲ။ နယ်စပ်ကျောက်တိုင်ကြားမှာ သူပစ်တဲ့ ကျည်ဆန် ကိုယ့်ဆီကျဆိုတဲ့အဆင့်မဟုတ်ဘူး။ သူက operation စစ်ဆင်ရေး လာလုပ်တဲ့ အဆင့်မျိုးပေါ့။ နိုင်ငံနယ်နိမိတ်ကိုကျော်ပြီး ဒီနိုင်ငံထဲအထိ ၀င်ပြီးတိုက်ခိုက်တဲ့ အနေအထားအခုကတော့ ဒါဒုတိယကြိမ်ဖြစ်တယ်။ ဒါပေမယ့် ဒါကလည်း အိန္ဒိယစစ်သံမှူးတွေနဲ့ ဗမာပြည်အစိုးရကြားမှာ သူတို့အချင်းချင်းနားလည်မှုယူပြီးတော့ ဒီဟာ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့ ဟိုတလောကလည်း သူတို့နိုင်ငံကို အတိအလင်း ကြေညာပြီး တွေ့ဆုံတာရှိခဲ့ တယ်လေ။ ဆိုတော့့ အဲဒီရဲ့ အစိတ်အပိုင်းတခုအနေနဲ့ လုပ်တဲ့လုပ်ငန်းတွေလို့ ကျနော်တို့က အဲလိုပဲယူဆတယ်လေ။ အဲဒီအပေါ်မှာ ကျနော်တို့ ဘာမှပြောစရာမရှိသေးပါဘူး လောလောဆယ် လူတွေ သေနေတဲ့ ရောဂါ ကိစ္စကိုပဲ အာရုံစိုက်တာပေါ့လေ။” ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတော့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ရာဂျစ်ဗ် မယ်ဟာရီရှီနဲ့ မြန်မာပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့ နယူးဒေလီမြို့တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေနဲ့ လက်နက်မှောင်ခိုမှုတွေကို ထိန်းချုပ်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ပြီးခဲ့တဲ့ဇွန်လက  မဏိပူဒေသမှာ အိန္ဒိယစစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရလို့ စစ်သား ၁၈ ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး NSCN-K အဖွဲ့ထိပ်တန်းခေါင်းဆောင် ၄ ဦးကို အရေးယူဆောင်ရွက်ဖို့ အိန္ဒိယအစိုးရက  မြန်မာကို တောင်းဆိုခဲ့တယ်လို့  အိန္ဒိယ သတင်းတွေမှာ ဖော်ပြပါတယ်။ S.S.Khaplang ဦးဆောင်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K ဟာ ၂ဝ၁၂ ခုနှစ် ဧပြီလက  ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး လဟယ်နဲ့ နန်းယွန်းမြို့တွေမှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ထိုး  ခြင်းမရှိသေးဘဲ သြဂုတ်လကုန် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာတော့ လေ့လာသူအဖြစ် တက်ရောက်မယ်လို့ NSCN-K အဖွဲ့ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအန်ကန့် ကပြောထားပါတယ်။ လတ်တလော နာဂဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့်  ကူးစက်ရောဂါတွေဖြစ်ပွားနေတဲ့ ရွာတွေဆီ ကူညီကယ်ဆယ်ရေးသွားမယ့်အဖွဲ့တွေက နန်းယွန်းဘက်ကို ပတ်သွားရတဲ့အတွက် ခရီးပိုဝေးသွားပြီး ခက်ခဲရတယ်လို့ နာဂအမျိုးသားရေးရာကောင်စီကဆိုပါတယ်။ နာဂဒေသ ကလဟယ်နဲ့ နန်းယွန်းမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေ အတွင်း ဖျားနာချောင်းဆိုး၊ ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တဲ့ အမည်မသိ ကူးစက်ရောဂါဖြစ်ပွားပြီး ကလေးငယ်တွေအများစု အပါအ၀င် လူပေါ ၄၀ ကျော်သေဆုံးခဲ့တာပါ။ အစိုးရကျန်းမာရေးဌာနကတော့ ကူးစက်ရောဂါဟာ ၀က်သက်ရောဂါကြောင့်လို့ အတည်ပြုနိုင်ပြီး ရောဂါကိုကွင်းဆင်းကုသ ထိန်းချုပ်နိုင်ပြီလို့ပြောပါတယ်။ ဒါပေမယ့် နာဂအမျိုးသားရေးရာကောင်စီ အထွေထွေအတွင်းရေမှူး နော်အောင်ဆန်းကတော့ လဟယ်မြို့နယ်ထဲ ရောဂါဖြစ်ပွားမှု အခြေအနေဆိုးရွားနေဆဲပဲလို့ ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024