ပွာတိုရီကိုကျွန်းတွင် ခရီးသည် ၅၀၀ ကျော်ပါသည့် အပျော်စီးသင်္ဘော မီးလောင် (ရုပ်သံ)

ပွာတိုရီကိုကျွန်း၊ ဆန်ဟွမ် (San Juan) မြို့တော်ကမ်းလွန် ၂ မိုင်လောက်အကွာမှာ အပျော်စီးသင်္ဘောတစင်း မီးလောင်မှုဖြစ်ခဲ့လို့ ခရီးသည် အယောက် ၅၀၀ ကျော်ကို အရေးပေါ် ကယ်တင်ခဲ့ကြပါတယ်။ သြဂုတ် ၁၇ မနက်ပိုင်းမှာ သင်္ဘောဝန်ထမ်းတွေက အရေးပေါ် အကူအညီ တောင်းခံခဲ့ကြတဲ့အတွက် ဒေသခံ ပွာတိုရီကို ရဲတပ်ဖွဲ့တွေနဲ့ အမေရိကန် ကမ်းခြေစောင့်တပ်တွေက ခရီးသည် ၅၁၂ ဦးနဲ့ သင်္ဘောဝန်ထမ်း အားလုံးကို မွန်းလွဲပိုင်းအပြီး ကယ်တင်ခဲ့ကြပါတယ်။ အားလုံး ဘေးမသီရန်မခ ကယ်တင်နိုင်ခဲ့ပေမယ့် ခရီးသည်အများအပြားဟာ ဆေးကုသမှု အကူအညီ လိုအပ်နေကြတယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ သင်္ဘောအင်ဂျင်ခန်းကနေ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ပြီး တခြားအခန်းတွေကိုပါ အလျင်အမြန် ကူးစက်ခဲ့တယ်လို့ သင်္ဘောဝန်ထမ်းတွေက ပြောဆိုပါတယ်။ ဒီအပျော်စီးသင်္ဘောဟာ အရှည်ပေ ၅၆၀ ကျော်ရှိပြီး အမေရိကန် အပျော်စီးသင်္ဘော ကုမ္ပဏီပိုင် သင်္ဘောတစီး ဖြစ်ပါတယ်။ ခရီးသည်တွေဟာလည်း ပွာတိုရီကိုကျွန်းနဲ့ ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံတွေက ဖြစ်တယ်လို့ သင်္ဘောကုမ္ပဏီက ပြောပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေ မေးမြန်းစုံစမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up