အလက်ပိုမြို့ အပျက်အစီးကြားက ဖုံအလိမ်းလိမ်း သွေးသံရဲရဲ ကလေးကို ကယ်ထုတ် (ရုပ်သံ)

ဦးခေါင်းကနေ ခြေဖျားအထိ ဖုံအလိမ်းလိမ်း ပေကျံနေပြီး မျက်နှာမှာ သွေးသံတရဲရဲ ထွက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးကို ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အပျက်အစီးတွေကြားကနေ ကယ်ထုတ်ခဲ့ပါတယ်။ အလက်ပိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနာတင်ယာဉ် နောက်ခန်းမှာ ထိုင်နေတဲ့ ကလေးပုံက ဆီးရီးယားစစ်ပွဲရဲ့ ဆိုးဝါးတဲ့အခြေအနေကို ထင်ဟပ်နေသလို လူအတော်များများကိုလည်း စိုးရိမ်ထိန်လန့်စေပါတယ်။ သြဂုတ် ၁၇ ရက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ ကလေး ၅ ဦးအနက် အသက် ၅ နှစ်အရွယ် အုမ်ရန်ဒါနက်ခ်ျလည်း တဦးအပါအ၀င် ဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာတော့ ကလေးငယ်က ဦးခေါင်းကနေ ခြေဖျားအထိ ဖုံအလိမ်းလိမ်း ပေကျံနေပြီး နဖူးက သူ့ရဲ့ဒဏ်ရာကိုတောင် အမှုမထားနိုင်တဲ့ပုံ ဖြစ်နေပါတယ်။ လက်ရှိ သူ့အခြေအနေကတော့ တည်ငြိမ်နေပြီလို့ ဆိုပါတယ်။ ဓာတ်ပုံဟာ အလက်ပို မီဒီယာက ဖြန့်ချိထားတဲ့ ရုပ်သံဖိုင်ထဲကဖြစ်ပြီး ဒီရုပ်သံဖိုင် ဘယ်မှာရိုက်ယူထားသလဲ ဆိုတာကို သိရဖို့ ဒီအဖွဲ့ကို ဆက်သွယ်နေတယ်လို့ ဗြိတိန် ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ သြဂုတ် ၁၆ ရက်နေ့က ရုပ်သံကို ယူကျုပေါ်မှာ ဖြန့်ဝေခဲ့ပြီး ကလေးကို ပျက်စီးနေတဲ့ အဆောက်အဦထဲကနေ လူနာတင်ကားပေါ်ကို တင်ဆောင်လာတာကို ရိုက်ကူးထားပါတယ်။ တိုက်ခိုက်မှုအတွင်း ဒါနက်ခ်ျဟာ တခြားကလေး ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦးတို့နဲ့အတူ ဒဏ်ရာရရှိခဲ့တာလို့ ဆရာဝန်ကို ကိုးကားပြီး တယ်လီဂရပ်သတင်းက  ရေးသားပါတယ်။ ကလေးရဲ့ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာပေါ်မှာ အကြိမ်ပေါင်း ထောင်သောင်းမက ဖြန့်ဝေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up