ရန်ကုန်ကို အနိုင်ယူပြီး မကွေးအသင်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရယူ (သတင်းဓာတ်ပုံ)

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ် ၁၇ ရက်က အောင်ဆန်းကွင်းမှာ ကျင်းပခဲ့ရာ မကွေးအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဆုဖလား ရယူနိုင်ခဲ့ပါတယ်။ မကွေးအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ကစားနိုင်ခဲ့ပြီး ရန်ကုန်အသင်းကို ဖိအားပေး ကစားခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးကိုတော့ ရန်ကုန်အသင်းက စတင်ရယူခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာ မကွေးကစားသမားဟောင်း ဇော်မင်းထွန်းက ကျော်ကိုကိုရဲ့ ပြစ်ဒဏ်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ မကွေးအသင်းက ချေပဂိုးရရှိရေးအတွက် ကစားအားတင် ကစားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ကွင်းလယ်ကစားသမား မိုက်ကယ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ ချေပဂိုးရလို့ စိတ်ဓာတ်တက်သွားတဲ့ မကွေးအသင်းဟာ ၇၃ မိနစ်မှာတော့ အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဆိုင်လာက အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ရန်ကုန်အသင်းအနေနဲ့ ချေပဂိုးရဖို့ ပိုမိုတိုက်စစ်ဆင် ကစားခဲ့ပေမယ့် မကွေးနောက်တန်းနဲ့ ကွင်းလယ်က ထိန်းချုပ်ကစားခဲ့တာကြောင့် မကွေးအသင်းကို အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ မကွေးအသင်းဟာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်ခဲ့လို့ လာမယ့် ၂၀၁၇ ခုနှစ်မှာ ယှဉ်ပြိုင်ရမယ့် အေအက်ဖ်စီဖလားပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဗိုလ်စွဲခဲ့တဲ့ မကွေးအသင်းဟာ ဆုကြေး ကျပ် သိန်း ၃၀၀ ရရှိခဲ့ပြီး ဒုတိယရတဲ့ ရန်ကုန်အသင်းက ကျပ် သိန်း ၁၅၀ ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲကစားတဲ့ အောင်ဆန်းကွင်း မျက်နှာပြင်ဟာ ရန်ကုန်အသင်းအတွက် ကစားရခက်ခဲစေခဲ့ပြီး ပရိသတ်တွေအတွက် ဆုဖလား ရယူမပေးနိုင်ခဲ့လို့ တောင်းပန်လိုတယ်လို့ ရန်ကုန်နည်းပြ ဦးမျိုးမင်းထွန်းက ပွဲအပြီးမှာ ပြောပါတယ်။ မကွေးနည်းပြ ဦးကြည်လွင်ကတော့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ဗိုလ်ချုပ်ဇာတိ ကိုယ်စားပြုအသင်းဖြစ်တဲ့ မကွေးအသင်းက ရယူနိုင်လို့ ဂုဏ်ယူမိကြောင်းနဲ့ အေအက်ဖ်စီဖလားပြိုင်ပွဲမှာ ဆက်လက်အောင်မြင်မှုရရှိဖို့ ပြင်ဆင်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ သတင်း - လွှမ်းမိုးအောင်၊ ဓာတ်ပုံ - လျှမ်းလူ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up