Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ ဒေါ်လာ ၉ ဘီလီယံခန့်ရှိနေ
DVB
·
August 17, 2016
မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေ အမေရိကန် ဒေါ်လာသန်း ၈၇၀၀ ကျော် တင်ရှိနေတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက သြဂုတ် ၁၆ ရက် ပြည်သူ့ လွှတ်တော်မှာ ပြောပါတယ်။ အစိုးရသစ်အတွက် အရေးကြီးတဲ့ နိုင်ငံတော်မှ ပေးဆပ်ရန်ကျန်ရှိတဲ့ ပြည်ပချေးငွေ အခြေအနေမှန်ကို ပြည်သူတွေကိုယ်စား သိရှိလိုကြောင်း လှိုင်းဘွဲ့မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။ နိုင်ငံအလိုက်အဖွဲ့အစည်းလိုက် ၂၀၁၅ မတ်လ ၃၁ရက်အထိ တင်ရှိနေသည့် ပြည်ပချေးငွေ လက်ကျန် အခြေအနေဟာ အမေရိကန်ဒေါ်လာ ၉၀၈၆.၇၉၆ သန်းဖြစ်ပြီး ပေးဆပ်ပြီးတဲ့ အရင်းငွေ အမေရိကန်ဒေါ်လာ ၃၄၄.၃၁၆ သန်းနဲ့ အတိုးငွေ အမေရိကန် ဒေါ်လာ ၂၂၇.၇၄၆ သန်းရှိတယ်လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။ ပြည်တွင်း/ပြည်ပ ကြွေးမြီတွေကို စီမံခန့်ခွဲနိုင်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲကို ဖွဲ့စည်းထားရှိပြီး ရယူထားတဲ့ ပြည်ပချေးငွေတွေကို ချေးငွေပေးအပ်တဲ့ မြီရှင် နိုင်ငံ/အဖွဲ့အစည်းအလိုက် မှတ်တမ်းတွေထားရှိကာ ချေးငွေတစ်ခုချင်းအလိုက် အရင်း/အတိုးပေးဆပ်ရမယ့် အချိန်ဇယားတွေ ရေးဆွဲထားတယ်လို့လည်း ဆိုပါတယ်။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ် အတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေယူဖို့ သမ္မတက တင်ပြထားတဲ့ကိစ္စ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံတင်ရှိနေတဲ့ ပြည်ပကြွေးမြီတွေထဲက ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၆ ဘီလီယံကျော် လောက်ကို မြီရှင်နိုင်ငံတွေ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ဇန်န၀ါရီလမှာ လျှော်ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024