ကျပ်တီးကုန်း ဖုန်းဆိုးမြေမှသည်... ရွှေသီးမယ့် မြေကြီးဖြစ်လာဖို့
DVB
·
August 17, 2016
မြေဆီမြေသား ခန်းခြောက်နေတဲ့ ကျပ်တီးကုန်း ဖုန်းဆိုးမြေကို ပြူပြင်ထွန်ယက် စိုက်ပျိုးရတဲ့ အလုပ်ဟာ လယ်ကောင်းမြေသန့်ကို ဓားမဦးချ လုပ်ကိုင်ရတာထက် ပိုမိုခက်ခဲ ပင်ပန်းကြမ်းတမ်းမယ်ဆိုတာ လူတိုင်း အလွယ်တကူ နားလည်နိုင်ပါတယ်။
အဲ့ဒီလိုပဲ မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ဆိုးရဲ့ လက်မည်းကြီးအောက်မှာ ရာစုနှစ်ဝက်ကျော် ရုပ်ပိုင်းစိတ်ပိုင်း အကျင့်သီလပိုင်း အဘက်ဘက်က ချွတ်ခြုံကျပြီး ပျက်သုဉ်းနိုင်ငံအဆင့် ရောက်ခဲ့ရလို့ ဖုန်းဆိုးမြေပမာ ဖြစ်ခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်ပြုပြင် ထူထောင်ရတဲ့အလုပ်ဟာ အလွန်ခက်ခဲ ကြမ်းထော်မှာ အသေအချာပါပဲ။
ဘူးလေးရာဖရုံဆင့်ဆိုသလို ပြောင်းလဲရမယ့်အလုပ်ကို ပိုမိုခက်ခက်စေမယ့် စိန်ခေါ်မှုကြီးကတော့ အပြောင်းအလဲကို မလိုက်ပါချင်တဲ့ အင်အားစုတွေဟာ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကြီးထဲမှာသာမက တပ်မတော်အရာရှိ အရာခံအချို့ အပါအဝင် နိုင်ငံဝန်ထမ်းများ၊ စီးပွားရေးသမား၊ သာမန်ပြည်သူတချို့လည်း ထင်ထင်ရှားရှား ရှိနေဆဲဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။
တပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်မှာ အခွင့်ထူးခံခွင့်ရခဲ့ကြလို့ တိုင်းပြည်ဘဏ္ဍာတွေ၊ ပြည်သူပိုင် ဓနဥစ္စာတွေနဲ့ ကြီးပွားချမ်းသာနေသူတွေဟာ အပြောင်းအလဲကို ခြေထိုးပြီး ဒရွတ်တိုက်ဆွဲနေကြတာတွေ ကဏ္ဍအသီးသီးမှာ အားလုံး မြင်တွေ့နေကြရတာပါ။
အဲ့ဒါအပြင် သွက်သွက်ခါအောင် မှားယွင်းနေပြီး ပြင်ဆင်စရာတွေ တင်းကျမ်းပြည့်နှက်နေတဲ့ ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ၊ တရားစီရင်ရေးရာ စတဲ့ အာဏာသုံးရပ်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် ပြင်ဆင် ပြောင်းလဲနိုင်ဖို့ ပြည်သူတင်မြှောက်ထားတဲ့ အန်အယ်လ်ဒီ အစိုးရသစ်မှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် မရှိပါဘူး။ အရင်သမ္မတဟောင်းလည်းဖြစ်၊ စစ်ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန်ကိုယ်တိုင် သဘာပတိလုပ်ပြီး စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ထားရင်း ပြည်သူလိုလားတဲ့ ၁၀၀ ရာခိုင်နှုန်း တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစနစ်ကို အလွယ်တကူ မရောက်နိုင်အောင် ကန့်သတ်ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အန်အယ်လ်ဒီအစိုးရကို ချုပ်နှောင်ထားတယ်ဆိုတာ အခုတော့ ပြည်သူတိုင်းလိုလို သိလာကြပါပြီ။
ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်ထဲမှာ အမိန့်သားထိုင်နေတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား အမတ်တွေနဲ့ မဖြစ်မနေ ပြင်ဆင်ရမယ့် ဥပဒေတွေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူဖို့ လိုတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး ၀န်ကြီးဌာနတွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ ခန့်အပ်ရမယ် ဆိုတာတွေဟာ အန်အယ်လ်ဒီအစိုးရ လုပ်ရမယ့် အပြောင်းအလဲကို ဒရွတ်ဆွဲလိုက်နေတဲ့ အရာတွေပဲ မဟုတ်လား။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးရမှ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေ ထွက်ခွာမယ်ဆိုတာကြောင့်ရယ်၊ ပြည်တွင်းစစ်မရှိမှ နိုင်ငံရေး တည်ငြိမ်ပြီး စီးပွားရေးလုပ်နိုင်မှာမို့ ၂၁ ရာစု ပင်လုံညီလာခံကို အပူတပြင်းခေါ်ယူလို့ ငြိမ်းချမ်းရေးရအောင် အင်တိုက်အားတိုက် ဆောင်ရွက်စီမံနေတာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ လပိုင်းတုန်းက စာရေးသူ မြန်မာနိုင်ငံကို ခေတ္တပြန်စဉ်မှာ မိတ်ဆွေအပေါင်းအသင်းများနဲ့ တွေ့ဆုံဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ အနက်က မြန်မာနိုင်ငံကို တတိယကမ္ဘာနိုင်ငံအဆင့်ကနေ ပထမတန်းစား နိုင်ငံဖြစ်အောင် ဘယ်လိုပြုပြင် ဆောင်ရွက်ကြမလဲ၊ အထူးသဖြင့် ငွေကြေးဘဏ္ဍာကို ဘယ်လိုရှာဖွေကြမလဲ၊ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေထဲက အခြေခံက စတည်ဆောက်ခဲ့ရတဲ့ စင်ကာပူနိုင်ငံဟာ ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းတွေကြောင့်ပါပဲ။
ရွှံ့တောညွှံတောအပြည့်နဲ့ ကျွန်း၊ အစားအစာနဲ့ ရေတောင် ၀ယ်သောက်နေရတဲ့ ဘာမှမထွက်တဲ့ ကျွန်းကို ၁၉၆၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အာရှကျားတကောင်ဖြစ်သွားအောင် စင်ကာပူဖခင် လီကွမ်ယူး ဘယ်လိုလုပ်ကိုင်သွားတယ်၊ သူဘယ်လိုငွေရှာသွားတယ်ဆိုတာကို လေ့လာကြည့်ရအောင်။
မလေးရှားနိုင်ငံရဲ့ အစွန့်ပစ်ခံ ကျွန်းပေါက်စ၊ ဗြိတိသျှကိုလိုနီ အုပ်စိုးသွားဖူးတဲ့ မလက္ကာပင်လယ် ရေလက်ကြားမှာ တည်ရှိနေတဲ့ ဇီးရွက်အရွယ် နိုင်ငံငယ်လေးကို လီကွမ်ယူးဟာ ဇီးရိုးကနေ ဟီရိုးဘဝရောက်အောင်၊ ရှင်သန်ဖွံ့ဖြိုးလာအောင် နိုင်ငံတကာ လူ့အခွင့်အရေးစံ၊ ကိုယ်ကျင့်သီလစံတွေနဲ့ ကိုက်ညီမှုရှိတဲ့ နည်းလမ်းတွေသာမက မကိုက်ညီဘဲ သွေဖည်တဲ့ နည်းလမ်း ၂ ရပ်လုံးကို အသုံးပြုသွားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ရွှေငွေရတနာအဟောင်း မှောင်ခိုဈေးကွက်နဲ့ စာရေးသုံးကော် အရောင်းအဝယ် စတဲ့ အလုပ်စုံလုပ်ဖူးပြီးတဲ့အပြင် ရိုက်တာ၊ အေပီ စတဲ့ မဟာမိတ် သတင်းဌာနတွေက ထုတ်လွှင့်တာတွေ ဖမ်းယူနားထောင်ပြီး ဂျပန်တွေရဲ့ ဝါဒဖြန့်ချိ လှုံ့ဆော်ရေး သတင်းဌာနမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်ခဲ့တဲ့နောက် စစ်အပြီးမှာ လန်ဒန်မြို့ ကိန်းဘရစ်ခ်ျ တက္ကသိုလ်ကနေ ဥပဒေဘွဲ့ကို ထူးထူးချွန်ချွန်ရခဲ့တဲ့ လီကွမ်ယူးဟာ သူတို့ကို လိုလားမှုမရှိတဲ့ မလေးရှား၊ အင်ဒိုနီးရှားလို အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုကြားမှာ စင်ကာပူနိုင်ငံကို သုညဘဝကနေ ခက်ရာခဲဆစ် တည်ဆောက်ခဲ့ရတာပါ။
ဗြိတိသျှကိုလိုနီခေတ်မှာ ဒေသအတွင်းမှာ သင်္ဘောဆိပ်ကမ်းကောင်းတာမို့ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျနေခဲ့လို့ စီးပွားဖြစ်ထွန်းခဲ့ပေမယ့် စစ်ပြီးတော့ ဗြိတိသျှတွေ ဆုတ်ခွာသွားတဲ့အခါ စီးပွားရေးမကောင်းတော့ဘဲ အလုပ်လက်မဲ့ စင်ကာပူနိုင်ငံသား ၃ သန်းနီးကို အလုပ်အကိုင်ပေးနိုင်ဖို့အတွက် တခုတည်းသောအဖြေက လူ့လုပ်အားပေါ် အထူးအခြေပြုရတဲ့ စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ ဆိုတာပါပဲ။
မိတ်ဘက်သဘောမဆောင်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အနေအထား ရပ်တည်ချက်ဟာလည်း လီကွမ်ယူးနဲ့ စင်ကာပူကို အာရပ်နိုင်ငံတွေကြားမှာ ရပ်တည်သွားတဲ့ အစ္စရေးလ်နိုင်ငံ ကျင့်သုံးတဲ့ မော်ဒယ်ပုံစံဖြစ်တဲ့ ဖွံ့ဖြိုးပြီးသား နိုင်ငံတွေကို ဆွဲဆောင်ပြီး ဆက်စပ် ဆောင်ရွက်ရတဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်း အတွေ့အကြုံကို လက်ခံကျင့်သုံးဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
သူ့နိုင်ငံသားတွေရဲ့ ထမင်းအိုးကို ဖြည့်ပေးနိုင်ဖို့နဲ့ စင်ကာပူကို စက်မှုနိုင်ငံအဖြစ် ပြောင်းလဲဖို့အတွက် ဖွံ့ဖြိုးပြီးသား နိုင်ငံတွေက နိုင်ငံစုံကော်ပိုးရေးရှင်းတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာချင်အောင် နိုင်ငံရေးတည်ငြိမ်ပြီး အေးချမ်းလုံခြုံမှုရှိတဲ့၊ အကျင့်ပျက်ခြစားမှု အနည်းဆုံးဖြစ်ဖို့ အလုပ်သမားသမဂ္ဂတွေထံက ဖိအားလျော့ပါးစေဖို့၊ ခိုင်မာတဲ့ ငွေကြေးစနစ်နဲ့ ဘဏ်လုပ်ငန်းတွေ၊ ကျွမ်းကျင်လုပ်သားတွေရှိဖို့၊ လမ်းတံတား၊ ဆိပ်ကမ်း၊ လေဆိပ် စတဲ့ အခြေခံအဆောက်အဦတွေရှိတဲ့ ဝန်းကျင်အခြေအနေတွေကို ခိုင်ခိုင်မာမာ ဖန်တီးတည်ဆောက်ဖို့ လိုအပ်လာခဲ့တော့တယ်။
အဲ့ဒီ လိုအပ်ချက်တွေ ရလာစေဖို့ လီကွမ်ယူးဟာ သူ့ရဲ့အစိုးရအဖွဲ့ကို ပညာရှင်တွေ အကျော်အမော် အီလစ်တွေနဲ့ အခိုင်အမာဖွဲ့စည်းပြီး “ပီအေပီ” လို့ နာမည်ရှိတဲ့ သူ့ရဲ့ပါတီကို အားအကောင်းဆုံးဖြစ်အောင် အတိုက်အခံပါတီတွေကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်ပြီး ချည့်နဲ့အောင် လုပ်ခဲ့တယ်။
နိုင်ငံရေးတည်ငြိမ်ဖို့နဲ့ အေးချမ်းလုံခြုံဖို့ တိုင်းသူပြည်သားတွေ စည်းကမ်းကောင်းလာဖို့အတွက် လီကွမ်ယူးဟာ အာဏာရှင်ဆန်ဆန် ခေါင်းဆောင်မှုနဲ့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ လူမျိုးရေးမုန်းတီးမှုတွေနဲ့ အဓိကရုဏ်းတွေကို ပြတ်ပြတ်သားသား နှိပ်ကွပ်ခဲ့တယ်။
လူတွေ စည်းကမ်းလိုက်နာလာအောင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ရာမှာလည်း လူပုံအလယ်မှာ အရှက်ခွဲတဲ့ အပြစ်ဒဏ်၊ ကြိမ်ဒဏ် စတဲ့ လူ့ဂုဏ်သိက္ခာကို ထိပါးတဲ့ အပြစ်ပေး အရေးယူမှုတွေနဲ့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့တယ်။
အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာမှာလည်း လီကွမ်ယူးဟာ သူနဲ့ သူ့လူတွေအတွက် လာဘ်စားဖို့မလိုဘဲ ချမ်းသာကြွယ်ဝနေအောင် မြင့်မားတဲ့လစာနဲ့ ခံစားခွင့်တွေ ပေးအပ်ထားပြီး အကျင့်ပျက်ခြစားမှု ပေါ်ပေါက်ခဲ့ရင်လည်း မညှာမတာ အပြစ်ပေး အရေးယူခဲ့တယ်။ တခါကဆို သူ့နဲ့ရင်နှီးတဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတပါးဟာ လာဘ်စားမှုနဲ့ ရင်ဆိုင်ရတဲ့အခါ မျက်နှာသာမပေးဘဲ တရားစွဲ အပြစ်ဒဏ်ခတ်ခဲ့တာကြောင့် အဲ့ဒီပုဂ္ဂိုလ်ဟာ အရှက်ရပြီး သူ့သိက္ခာအတွက် သေကြောင်းကြံသွားခဲ့ရတယ်။ ဒါပေမယ့် လီကွမ်ယူးရဲ့ မိသားစုဝင်တွေဟာ စင်ကာပူရဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်း အတော်များများကို ပိုင်ဆိုင်ထားကြတယ်။
ဘာသယံဇာတမှ မရှိတဲ့အပြင် အစားအစာနဲ့ ရေတောင် နိုင်ငံပြင်ပက တင်သွင်းနေရတဲ့ နိုင်ငံငယ်လေးကို ငွေပင်ငွေရင်းတွေ စီးဝင်လာစေဖို့အတွက် ခေတ်ပညာတတ်ပြီး ချမ်းသာဖို့ ဘာမဆိုလုပ်ရဲတဲ့ လီကွမ်ယူးဟာ နိုင်ငံတကာ ဘဏ်လုပ်ငန်းတွေ၊ ဘဏ္ဍာငွေကြေး အင်စတီကျုတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရုံသာမက တကမ္ဘာလုံးက အထူးသဖြင့် အာရှနိုင်ငံတွေက အကျင့်ပျက်စီးပွားရေးသမား၊ အကျင့်ပျက်နိုင်ငံရေးသမား၊ အုပ်ချုပ်သူ အာဏာရှင်တွေရဲ့ လုယက် ခိုးယူထားတဲ့ ဥစ္စာဓန ငွေကြေးတွေကို လုံခြုံစိတ်ချစွာ သိုမှီးသိမ်းဆည်းနိုင်ရာ၊ ငွေကြေးခ၀ါချရာ ဗဟိုဌာနဖြစ်အောင် စီမံခဲ့တယ်။
အုပ်ချုပ်ရေးစနစ် ယိုယွင်းနေတဲ့ နိုင်ငံတွေဆီက အဲ့ဒီလို ငွေကြေးတွေ သူ့နိုင်ငံထဲ အတားအဆီးမရှိ ၀င်ရောက်နိုင်ဖို့၊ စီးဆင်းလည်ပတ်နိုင်အောင် နိုင်ငံအချင်းချင်း ချုပ်ဆိုရတဲ့ အကျင့်ပျက်ခြစား စီးပွားရေးသမား၊ ခြစားနိုင်ငံရေးသမား၊ ၀ရမ်းပြေး၊ ရာဇ၀တ်သားများ ပြန်လည်အပ်နှံရေး သဘောတူညီချက် (Extradition Treaty) ကို မချုပ်ဆိုခဲ့ လက်မှတ်မထိုးခဲ့ပါဘူး။
ဇီးရွက်လောက်သာရှိတဲ့ ကျွန်းနိုင်ငံပေါက်စလေးပေါ်မှာ ပြည်တွင်းပြည်ပ ရိုးရိုးကူးသန်း ရောင်းဝယ်ရေးဘဏ် ၁၁၁ ခုနဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ် ၄၉ ခုအပြင် စင်ကာပူအခြေစိုက် ကိုယ်စားလှယ်ရုံး ဖွင့်ထားတဲ့ ဘဏ် ၄၅ တောင်ရှိပြီး ပိုင်ဆိုင်မှုနဲ့ လည်ပတ်ငွေကြေးပမာဏ ဒေါ်လာ ဘီလျံ ၃၅၀ ရှိနေတာမို့ စင်ကာပူဟာ အခုဆို အာရှရဲ့ အကြီးဆုံးနဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံး ငွေကြေးဆိုင်ရာ ဗဟိုဌာနတွေထဲမှာ တခုအပါဝင် ဖြစ်နေပါပြီ။
စက်မှုကဏ္ဍဖွံ့ဖြိုးဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျွမ်းကျင်လုပ်သားတွေ၊ လူသားအရင်းအမြစ်တွေ လုံလောက်စွာ ရရှိနိုင်အောင်၊ တိုးပွားလာနိုင်အောင် စင်ကာပူအစိုးရဟာ အသက်မွေးဝမ်းကျောင်းအတတ်ပညာ (Vocational Training)၊ နည်းပညာသင်ကျောင်းတွေ (Technical Institutes & Schools) အမြောက်အမြား ဖွင့်လှစ်ပေးခဲ့ရုံမက လိုအပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းလို့ နိုင်ငံရပ်ခြားက ထိပ်တန်းပညာရှင်တွေ၊ ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေက ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်ခေါ်ယူခဲ့တာဟာ အခုဆို စင်ကာပူ လူဦးရေရဲ့ သုံးပုံတပုံတောင် ရှိနေပါပြီ။
လီကွမ်ယူးဟာ သူ့တိုင်းပြည်စီးပွားရေး တိုးတက်အောင်ဆောင်ရွက်ဖို့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ စင်ကာပူရဲ့ ပထ၀ီဝင်နိုင်ငံရေး အနေအထားအရ ပင်လယ်ဆိပ်ကမ်းနဲ့ လေကြောင်းလမ်း အချက်အချာကျမှုကို မိမိရရ အသုံးချဖို့ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်း၊ ကုန်တင်ကုန်ချ ဆိပ်ကမ်းနဲ့ နာမည်ကျော် ချန်ဂီလေဆိပ်ကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ခဲ့တယ်။ မိုးပျံလမ်းတံတားတွေ၊ သယ်ယူပို့ဆောင်ရေးအတွက် မြေအောက်ရထား၊ မိုးပျံရထား၊ နှစ်ထပ်ဘတ်စ်ကားတွေနဲ့ အဆင်ပြေချောမွေ့အောင် စီမံတယ်။ လိုအပ်တဲ့ စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အတွက် အင်ဒိုနီးရှားနဲ့ ညှိနှိုင်း အပေးအယူလုပ်ပြီး ရေနံချက်စက်ရုံတွေ၊ ရေနံလှောင်ကန်တွေကို ကျွန်းမကြီးပေါ်၊ ကျွန်းရံတွေပေါ်၊ လူလုပ်ဖို့မြေကျွန်းတွေအပေါ် တည်ဆောက်ခဲ့သလို၊ လျှပ်စစ်ဓာတ်အား အလုံအလောက်ကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ သဘာဝ ဓာတ်ငွေ့အားသုံး တာဘိုင်ကြီးတွေ၊ အမှိုက်ကနေ စွမ်းအင်ထုတ်တဲ့ စက်ရုံတွေ (Waste-To-Energy Plant)၊ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု အလုပ်ရုံတွေကို စီမံကိန်းချ တည်ဆောက်ခဲ့တယ်။
ကဲ အခု မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စဘက်ကို ပြန်လည်သုံးသပ်ကြည့်ရအောင်။ ကျနော်တို့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နိုင်ငံအရွယ်အစား၊ လူဦးရေ၊ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ရေမြေတောတောင် သဘာဝနဲ့ ပထ၀ီနိုင်ငံရေး အခြေအနေတွေ အစစအရာရာ မတူညီတာမို့ စင်ကာပူပုံစံဖြစ်ဖြစ်၊ အင်ဒိုနီးရှားပုံစံကိုဖြစ်ဖြစ် ပုံသေကားချပ်၊ လှေနံဒါးထစ်မှတ်ပြီး မလိုက်ဘဲ သုံးလို့ရမယ့် အပိုင်းတွေ ခေတ်နဲ့လျော်ညီ၊ မြန်မာနိုင်ငံအတွက် ကိုက်ညီမှုရှိတဲ့ နည်းနာတွေကိုတော့ မွေးစားသင့်တာတွေ မွေးစား၊ သုံးသင့်တာတွေ သုံးရမှာ အသေအချာပါပဲ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ရင်း ထုတ်ပြန်ခဲ့တဲ့ ပြည်သူတွေ ရွေးကောက်လိုက်တဲ့ အန်အယ်လ်ဒီ အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ကိုကြည့်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအားလုံး သာတူညီမျှရေး၊ လူငယ်မျိုးဆက်သစ်များ စွမ်းရည်ပြည့်ဝလာရေး၊ နိုင်ငံသားအားလုံး ပါဝင်ရေး စတဲ့ အခြေခံတွေပေါ်မှာ ပြည်သူကို ဗဟိုပြုထားပြီး အောက်ဖော်ပြပါ မြန်မာ့နိုင်ငံရေး အခြေအနေ လိုအပ်ချက်တွေနဲ့ အထင်ဟပ်ဆုံး အချက်တွေဖြစ်တဲ့...
၁။ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် လိုအပ်ချက်၊
၂။ အသေးစားနှင့် အလတ်စား တိုင်းရင်းသားလုပ်ငန်းရှင်များ ကြီးထွားဖွံ့ဖြိုးလာစေရန် လိုအပ်ချက်၊
၃။ လူ့ အရင်းအမြစ်များ ဖွံ့ဖြိုးရေး လိုအပ်ချက်၊
၎။ အခြေခံစီးပွားရေး အဆောက်အအုံများ လိုအပ်ချက်၊
၅။ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး လိုအပ်ချက်၊
၆။ လယ်ယာစက်မှုကဏ္ဍ ဖွံ့ဖြိုးရေး လိုအပ်ချက်၊
၇။ ဈေးကွက်စီးပွားရေးစနစ်ကို လွတ်လပ်၍ မျှတစွာ ထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေး လိုအပ်ချက်၊
၈။ မှန်ကန်သော ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးတည်ငြိမ်မှုရှိရန် လိုအပ်ချက်၊
၉။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ စောင့်ရှောက်ရေး လိုအပ်ချက်၊
၁၀။ မျှတသော အခွန်စနစ်နှင့် ပိုင်ဆိုင်မှု အကာအကွယ်ပေးနိုင်သော ဥပဒေလိုအပ်ချက်၊
၁၁။ အသိဉာဏ်ပစ္စည်း ပိုင်ဆိုင်မှု အကာအကွယ်ပေးရန် လိုအပ်ချက်၊
၁၂။ ကမ္ဘာကြီး၏ ပြောင်းလဲလာသော အခြေအနေများနဲ့ လိုက်လျောညီထွေစွာ စီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရေး လိုအပ်ချက် … စတာတွေပါပဲ။
နိဂုံးချုပ်အနေနဲ့ အရေးအကြီးဆုံးကိုပြောရရင် ပြည်သူတွေ အကျိုးအတွက် ရေးဆွဲထားတဲ့ စီးပွားရေးမူဝါဒ ဆိုတာနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မှုဆိုတာ ၀ိဇ္ဇာ (အသိ) နဲ့ စရဏ (အကျင့်) တထပ်တည်းကျဖို့ လိုတယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်နဲ့ပြောရရင် မှန်ကန်တဲ့ မူဝါဒတွေကို မှန်ကန်စွာ လိုက်နာကျင့်ကြံ အကောင်အထည်ဖော်နိုင်မှသာ ကျပ်တီးကုန်း ဖုန်းဆိုးမြေကို ရွှေသီးမယ့် မြေကြီးဖြစ်လာအောင် ပြောင်းလဲနိုင်မှာ ဖြစ်ပါကြောင်း။ ။
မင်းကောင်းချစ်
သြဂုတ်လ (၁၁) ရက်နေ့  ၂၀၁၆ ခုနှစ်