Home
မြန်မာသတင်း
နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်တွင် ပါဝင်ရန် တင်ပြ
နေဖြိုးဝင်း
·
August 17, 2016
နိုင်ငံတော်သမ္မတထံကပေးပို့တဲ့ နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးဆုံတားဆီး ပိတ်ပင်ရေးစာချုပ်မှာ မြန်မာနိုင်ငံက အတည်ပြုပါဝင်ဖို့ကို သြဂုတ်လ ၁၆ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က တင်ပြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ နိုင်ငံရေးဆန္ဒလုံးဝမရှိသလို နည်းပညာ အရကြည့်မယ်ဆိုရင်လည်း လက်နက်ထုတ်လုပ်နိုင်လောက်တဲ့ နည်းပညာမရှိတာကြောင့် ဒီစာချုပ်ကို လိုက်နာပြီးသားဖြစ်ပြီး အထူးတလည်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အချက် တွေ မရှိဘူးလို့ ဒုတိယ၀န်ကြီး ပြောပါတယ်။ နျူကလီးယားလက်နက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်မှာ နျူကလီးယား လက်နက်တွေ အလုံးစုံ ဖျက်သိမ်းရေးဖြစ်ပြီး ဒီရပ်တည်ချက်နဲ့အညီ ၁၉၉၅ ခုနှစ်ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆိုင်ရာ အဆိုမူကြမ်းကို တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ “ဒီလို ဆောင်ရွက်ခဲ့ပေမယ့် နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးဆုံတားဆီး ပိတ်ပင်ရေးစာချုပ်မှာ အတည်ပြုပါဝင်ရခြင်း မရှိသေးတဲ့နိုင်ငံအဖြစ် ထောက်ပြပြောဆို ဝေဖန်မှု တွေလည်း ရှိပါတယ်။ ဒါအပြင် ရံဖန်ရံခါ ပြည်တွင်း ပြည်ပမီဒီယာတွေမှာ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက်ရရှိဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံအဖြစ် စွပ်စွဲမှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီစာချုပ်မှာ အတည်ပြုပါဝင်ခြင်းအားဖြင့် ဒီလိုစွပ်စွဲမှုတွေ ထောက်ပြမှုတွေကို ပပျောက်စေနိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် က ပြောပါတယ်။ ဒီစာချုပ်မှာ အတည်ပြုပါဝင်ပြီးပါက မြန်မာနိုင်ငံအနေနဲ့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းတဲ့ ရည်ရွယ်တွေအတွက် အသုံးပြုဖို့ နည်းပညာတွေကိုလည်း တရားဝင်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဆေးဝါးကုသရေး၊ သီးနှံတွေ ပြုပြင်ထိန်းသိမ်းရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာတွေအတွက် သုတေသနဆောင်ရွက်တာနဲ့ သင်ကြားမှုတွေ၊ လျှပ်စစ် စွမ်းအင်အတွက်လည်း နျူကလီးယားစွမ်းအင်အသုံးချကိစ္စရပ်တွေ၊ စာချုပ်အရ တည်ထောင်တဲ့ စောင့်ကြည့်ရေးနည်းပညာတွေက ပံ့ပိုးတဲ့အချက်အလက်တွေမှာ အပါအ၀င်ဖြစ်တဲ့ ဆူနာမီနဲ့ မြေငလျင် ကြိုတင်သတိပေးတာ စတဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကျိုးအမြတ်တွေလည်း ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024