အပစ်ရပ်လက်မှတ်မထိုးသေးသည့်အဖွဲ့များကို ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ခွင့်ပြု

နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ရဲ့ ၂ ရက် အစည်းအဝေးမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မထိုးသေးတဲ့အဖွဲ့တွေ တက်ရောက်ခွင့်အပါအ၀င် (၂၁) ရာစုပင်လုံညီလာခံဆိုင်ရာ အစီအစဉ်တွေကို အတည်ပြုခဲ့ကြပါတယ်။ ညီလာခံမှာ ဆွေးနွေးကြမယ့် အစီအစဉ်တွေ၊ ညီလာခံကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်းရေး၊ ညီလာခံ တက်ရောက်မယ့်ကိုယ်စားလှယ်တွေကိစ္စ၊ ကျင်းပမယ့်နေ့ရက်၊ ဖွင့်ပွဲနဲ့ညစားစားပွဲ အစီအစဉ်တွေကို မနေ့က အတည်ပြုခဲ့ကြပါတယ်။ ညီလာခံကို (၁) သြဂုတ် ၃၁ ရက်နေ့ ကျင်းပဖို့ အတည်ပြုမှု၊ (၂) ရန်ကုန်မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံရေးမူဘောင်၊ ညီလာခံကျင်းပတာတွေအားလုံးကိုအတည်ပြုမှု၊ (၃) ညီလာခံကို အန်စီအေလက်မှတ်မထိုးသေးတဲ့အဖွဲ့များကိုလည်း ဖိတ်ကြားရန်၊ (၄) ညီလာခံကိုယ်စားလှယ်အစား ညီလာခံတက်ရောက်သူ အသုံးအနှုန်းကို သုံးစွဲရန်တို့ကို အတည်ပြုခဲ့ကြတယ်လို့ ပြောခွင့်ရသူ ဦးလှမောင်ရွှေက မီဒီယာတွေကို ပြောပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ညီလာခံတက်ရောက်ခွင့်နဲ့ပတ်သက်လို့  အရင်ကထက် ပိုမိုရှင်းလင်းသွားတာဖြစ်ပါတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအထူးဒေသ ၄ အဖွဲ့တို့ကို ညီလာခံတက်ရောက်ခွင့်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေကို ညီလာခံ တက်ရောက် ခွင့်ဆိုင်ရာ မတူကွဲပြားမှုဟာ အခုတော့ တပြေးညီ အားလုံးတက်ရောက်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်၊ တအာင်းပလောင်နဲ့ ကိုးကန့်တပ်တွေနဲ့ ရွေးကောက်မခံရတဲ့ ပါတီတွေ ညီလာခံတက်ရောက်ခွင့်နဲ့ပတ်သက်လို့တော့ မသဲကွဲသေးပါဘူး။ သြဂုတ် ၃၁ ရက်နေ့မှာ ကျင်းပမယ့် ညီလာခံဟာ လာမယ့်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချောချောမွေ့မွေ့ ဆက်သွားနိုင်ဖို့ အားလုံးပါဝင်တဲ့ကိစ္စရပ်ကို ရောက်လာဖို့အတွက် အစပြုတဲ့စမှတ်ဖြစ်ပြီး အဓိကအားဖြင့် ဒီညီလာခံမှာ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်မလဲဆို တဲ့ကိစ္စကို ဆွေးနွေးပြီး နိုင်ငံတ၀န်းကျင်းပသွားဖို့ဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။ လက်ရှိနိုင်ငံရေးမူဘောင်ကို ညီလာခံမှာ အတည်ပြုပြီးတဲ့အခါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အကြောင်းအရာအလိုက် အခြေခံပြီး ကျင်းပ သွားမယ်လို့ဆိုပါတယ်။ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ ပညာရှင်တွေ ကျယ်ပြန့်စွာ ပါဝင်ဆွေးနွေးခွင့်ရှိပြီး ရလဒ်တွေကို နောက်တကြိမ်ကျင်းပမယ့်ညီလာခံမှာ တင်ပြဆွေးနွေးပြီး နိုင်ငံရေး သဘောတူညီချက်ရယူဖို့ဖြစ်တယ်လို့ ရှင်းပြပါတယ်။ မနေ့က အစည်းအဝေးဖွင့်ပွဲမှာ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘စစ်မှန်ခိုင်မာသည့် ပြည်ထောင်စုတည်ဆောက်မည်ဟူသည့် ဘုံသဘောတူညီချက်ရှိရန် လိုအပ်ပြီး မတူကွဲပြားမှုတွေကို ညီလာခံတွင် ညှိနှိုင်းရမည် ဖြစ်ကြောင်း’ ပြောကြားခဲ့ပါတယ်။ သူက “တကယ်ကိုစစ်မှန်ပြီး ခိုင်မာတဲ့ပြည်ထောင်စုကြီးတခုကို တည်ဆောက်ဖို့ ကျမတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးရဲ့ သဘောထားနဲ့ထောက်ခံမှုပါဖို့ဆိုတာဟာ အဓိက ကျတယ်’’လို့ ပြောပါတယ်။ UPDJC အစည်းအဝေးကို  အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် လေးဆယ်ကျော် တက်ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up