လူဝီစီယားနားပြည်နယ် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံတောင်ပိုင်းက လူဝီစီယားနားပြည်နယ်မှာ ဒီနှစ်လည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး သြဂုတ် ၁၅ ရက်နေ့အထိ အနည်းဆုံး လူ ၅ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သမ္မတအိုဘားမားက ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အရေးပေါ် ထောက်ပံ့ကူညီမှုတွေ ပေးပို့တော့မှာ ဖြစ်ပါတယ်။ ပြည်နယ်တောင်ပိုင်းမှာတော့ မိုးလျော့နည်းလာပေမယ့် မြောက်ဘက်က ကပ်လျက်ပြည်နယ်တွေဖြစ်တဲ့ အယ်လဘားမားပြည်နယ်၊ မစ္စစ္စပီပြည်နယ်တွေမှာ မိုးပိုမိုရွာသွန်းလာပါတယ်။ ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘာတန် ရုခ်ျ (Baton Rouge) မြို့မှာလည်း အဆိုးဆုံး ဧရိယာတွေထဲမှာ ပါဝင်ပါတယ်။ မိုးရွာသွန်းမှု လျော့နည်းလာပေမယ့် ရေမျက်နှာပြင် ဆက်လက်မြင့်တက်နေတဲ့အတွက် အာဏာပိုင်တွေက ဒေသခံတွေကို ကယ်ဆယ်နေကြပါတယ်။ အများအပြားလည်း သူတို့နေအိမ်တွေမှာ ပိတ်မိနေကြပြီး လူဦးရေ ၂ သောင်းလောက်တော့ ကယ်ဆယ်ထားပြီးပြီလို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ လူဝီစီယားနားပြည်နယ်ဟာ ရေကြီးရေလျှံမှုတွေ အခုလိုကာလမှာ ဖြစ်ပွားလေ့ ရှိပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း မစ္စစ္စပီမြစ်ရေလျှံခဲ့လို့ ပြည်နယ်မှာ အကြီးအကျယ် ရေကြီးခဲ့ပါသေးတယ်။ ၂၀၀၅ ခုနှစ်ကတော့ ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ နယူးအော်လန်မြို့ဟာ ဟာရီကိန်းမုန်တိုင်း ကတ်ထရီနာကြောင့် လူ ၂၀၀၀ လောက် သေဆုံးခဲ့ပြီး အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးဆုံး ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up