ပြိုင်ဘက်ကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုသည့် အီဂျစ် ဂျူဒိုသမားကို အိမ်ပြန်ပို့

အစ္စရေးနှင့် အီဂျစ် ဂျူဒိုသမားတို့ ယှဉ်ပြိုင်နေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အစ္စရေးပြိုင်ဘက်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့ အီဂျစ် ဂျူဒိုသမားကို နေရပ်တိုင်းပြည် ပြန်ပို့လိုက်ပါတယ်။ အိုလံပစ်ပြိုင်ပွဲရဲ့စည်းမျဉ်းနဲ့ စိတ်ဓာတ်ကို ချိုးဖောက်တဲ့အတွက် အီဂျစ်ဂျူဒိုသမား အယ်ရှီဟာဘီကို အီဂျစ်ကို ပြန်လည်ပို့ဆောင်လိုက်တာလို့ သြဂုတ် ၁၅ ရက်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ (အိုင်အိုစီ) က ကြေညာပါတယ်။ ပထမအချီမှာ အရေးနိမ့်သွားတဲ့ အီဂျစ်ဂျူဒိုသမား အယ်ရှီဟာဘီက အစ္စရေး ဂျူဒိုသမား ဆက်ဆွန်က လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းတာကို ခေါင်းခါပြီး ငြင်းဆန်ခဲ့တာလို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ ဦးညွတ်နှုတ်ဆက်ဖို့ ဒိုင်က ပြန်ခေါ်တဲ့ အခါမှာတော့ အယ်ရှီဟာဘတ်က အလျင်အမြန် ဦးညွတ် နှုတ်ဆက်ခဲ့ပေမယ့် ပရိသတ်တွေက ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာလည်း ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီး အယ်ရှီဟာဘတ်ရဲ့ အပြုအမူဟာ မျှမျှတတ ကစားရမယ့် စည်းမျဉ်း၊ အိုလံပစ်ပြိုင်ပွဲက သတ်မှတ်ထားတဲ့ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ စိတ်ဓာတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ အိုင်အိုစီရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ နိုင်ငံတကာနဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ အာရပ်နိုင်ငံက ပြေးခုန်ပစ်အားကစားသမားတွေ အစ္စရေး ပြေးခုန်ပစ်ကစားသမားတွေ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်တာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ် အေသင် အိုလံပစ်မှာလည်း အီရန် ကမ္ဘာ့ချန်ပီယံက အစ္စရေး ဂျူဒိုသမားနဲ့ ထိုးသတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပြိုင်ဖက်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ကတော့ ဂျူဒို စည်းမျဉ်းမှာ မသတ်မှတ်ထားသလို လက်ဆွဲနှုတ်ဆက်တာဟာ သူငယ်ချင်းတွေကြားထဲမှာပဲ လုပ်လေ့ရှိတဲ့ အရာတခုလို့ အယ်ရှီဟာဘတ်က ပြောပါတယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up