ဖားကန့်မြို့နယ် နမ့်ယားအလယ်တန်းကျောင်းသို့ လက်နက်ကြီးကျ၊ ဆရာမတဦး ဒဏ်ရာရ
နန်းမြနဒီ
·
August 15, 2016
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားကျေးရွာဘက်မှာ ဗမာ့တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီးကျည်တွေ ကျောင်းထဲ ကျလာတဲ့အတွက် နမ့်ယားအလယ်တန်းကျောင်းမှ ကျောင်းဆရာမတဦး လက်နက်ကြီး ကျည်သင့်ကာ ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဘက်မှာ မနေ့ကရော ဒီနေ့မှာပါ တိုက်ပွဲပြင်းထန်နေပြီး ရွာထဲကိုပါ လက်နက်ကြီးကျည် ကျလာတဲ့အတွက် နမ့်ယားကျေးရွာ အလယ်တန်းကျောင်းမှ ဆရာမတဦး ဒဏ်ရာရသွားတယ်လို့ ကချင်ပြည်နယ် အန်ဒီအက်ဖ်ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို ပြောပါတယ်။
“တိုက်ပွဲက မနေ့ကလည်းဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်၊ ဖားကန့်လမ်းဘက်မှာ အခုထိကို သေနတ်သံတွေ ကြားနေရတယ်။ ဒီနေ့ခင်းက နမ့်ယားရွာပြင် သင်္ချိုင်းကုန်းဘက်ကနေ ရွာထဲကို လက်နက်ကြီးကျလို့ နမ့်ယားကျောင်းက ဆရာမတယောက် ဒဏ်ရာရသွားတယ်လို့ အဲဒီဘက်ဒေသခံက ပြောလာတယ်။ ဒါပေမယ့် ဖုန်းလိုင်းတွေလည်း ပြတ်၊ လမ်းတွေလည်း ပိတ်ထားတော့ ဘာမှ အသေးစိပ်ထပ်ပြီး မသိရသေးဘူး။ အခုဆို ဖားကန့် နမ့်ယားလမ်းလည်း ပိတ်ထားတယ်၊ မိုးကောင်း ဖားကန့်လမ်းလည်း ပိတ်နေတယ်။”
ပြီးခဲ့တဲ့ အပတ်ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရှဒူးစွပ်၊ ၀ါရာဇွပ် စတဲ့ ကျေးရွာအုပ်စုက ရွာသားတွေ အောင်ရာရွာနဲ့ အခြားကျေးရွာမှာ ၀င်ရောက်ခိုလှုံနေသလို တောထဲမှာ ပုန်းခိုနေရသူတွေလည်းရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူတွေ တစ်ထောင်ကျော်မယ်လို့ ခန့်မှန်း ရပြီး စားဝတ်နေရေးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေါ်ဘောက်ဂျာက ပြောသွားပါတယ်။