ထိုင်းတောင်ပိုင်းတွင် ဗုံးထပ်ကွဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

ထိုင်းတာင်ပိုင်း နာရသီဝပ်ခရိုင်မှာ ဒီမနက် ထပ်မံဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ခရိုင် ၇ ခုမှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီးတဲ့နောက် ဒီကနေ့မနက် ၇  နာရီမှာလည်း ထပ်မံပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဘန်ကယောက်မြို့နယ် ကာယောင်းမာတိ ရပ်ကွက်ထဲက နေရာ ၂ ခုမှာ ၂ ကြိမ်ပေါက်ကွဲခဲ့ ကြောင်း၊ တနေရာနဲ့ တနေရာ မီတာ ၁၀၀ သာကွာဝေးပြီး အကျယ် ၂ ပေ အနက် ၁ ပေရှိ တွင်းတတွင်းနဲ့ အကျယ် ၄ ပေ၊ အနက် ၂ ပေ ရှိတဲ့ တွင်းကြီးတွေဖြစ်သွားတယ်လို့  ရဲက သတင်းထောက်တွေကို ပြောပါတယ်။ မရိန်းတပ်ဖွဲ့ တပ်စုမှူး အရာခံဗိုလ် တဦးနဲ့  တပ်သားတဦးတို့ ဒဏ်ရာရခဲ့ကြလို့ ဆေးဝါးကုသမှု ခံယူနေကြပြီး တပ်စုမှူးရဲ့ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်းတောင်ပိုင်းက ယလားခရိုင် ယဟာမြို့နယ်ထဲမှာလည်း မနေ့ည ၇ နာရီခွဲက နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ယဟာမြို့နယ် ဆုခ်ဖိဘန်းလမ်း၊ ဖိထတ်ဌာနီလမ်းနဲ့ ဆန်တိရာ့ဆဒွန်းလမ်တွေပေါ်မှာ  ပေါက်ကွဲ ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိ၊ အပျက်အစီး ကြီးကြီးမားမားမရှိဘူးလို့  ယဟာမြို့နယ်မှူး နိုင်းချိုင်းချနက သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ သြဂုတ် ၁၁ ရက်နေ့ကစပြီး ဒီနေ့မနက်ထိ ခရိုင်ပေါင်း ၈  ခုမှာ ဗုံးပေါက်ကွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up