ရေမြုပ်တော့မည့် ကားတွင်းမှ အမျိုးသမီးနှင့် ခွေးကလေးကို စွန့်စားကယ်တင်(ရုပ်သံ)
အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် နစ် မြုပ်လုဆဲဆဲဖြစ်နေတဲ့ ကားတစီးအတွင်းမှ အမျိုးသမီးတဦးနဲ့ ခွေးကလေးတကောင်ကို ကယ်ဆယ်ရေးသမားတွေက စွန့်စွန့်စားစားကယ်တင်ခဲ့ကြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးသမား ၃ ဦးဟာ လှေငယ်လေးတစင်းပေါ် ကနေ ရေထဲကို နစ်မြုပ်တော့မယ့် ကားထဲက အမျိုးသမီးကို ခက်ခက်ခဲခဲကယ်တင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
အခန့်မသင့်ရင် အဲဒီလှေပါ ရေထဲမှာ နစ်မြုပ်သွားနိုင်တဲ့ အခြေအနေမှာ ကားထဲမှ အမျိုးသမီးဟာ “ဘုရားရေ၊ ကျမ ရေမြုပ်နေပြီ”လို့ အော်နေခဲ့သံကို ကြားရပါတယ်။
အဲဒီနောက်မှာတော့ ကယ်ဆယ်ရေးသမား ၃ ဦးထဲမှ တဦးဖြစ်တဲ့ ဒေးဗစ်ဖောင် ဟာ ရေထဲကို ထိုးဆင်းသွားခဲ့ပြီး ကားထဲက အမျိုးသမီးကို ခက်ခက်ခဲခဲ ဆွဲထုတ်ကယ်တင်ခဲ့ပါတယ်။
စက္ကန့်အနည်းငယ်အကြာမှာပဲ ဖောင်ဟာ ရေထဲကနေ ခွေးကလေးတကောင်နဲ့ အတူ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ ခွေးကလေးရော အဆိုပါအမျိုးသမီးပါ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိမနေဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။