အိုင်အက်စ်ကို တိုက်ထုတ်ခဲ့ပြီး မုတ်ဆိတ်နှင့် ခေါင်းမြီးခြုံများ ဖယ်ရှား အောင်ပွဲခံ (ရုပ်သံ)

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မန်ဘီခ်ျ့ Manbij မြို့မှာ အိုင်အက်စ်အကြမ်းဖက်တွေကို ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေက တိုက်ထုတ်ခဲ့ကြပြီး မြို့ခံတွေ သြဂုတ် ၁၃ ရက်နေ့က အောင်ပွဲခံပျော်ရွှင်နေကြပါတယ်။
၂ နှစ် ကြာ အိုင်အက်စ်အကြမ်းဖက်တွေ လက်အောက်နေခဲ့ကြရတာကနေ ပြန်လည်လွတ်မြောက်လာကြပြီး အမျိုးသားတွေက မုတ်ဆိတ်တွေကို ရိတ်ကြ၊ ဆေးလိပ်သောက်ခွင့်ပြန်ရကြပြီး အမျိုးသမီးတွေဟာလည်း ခေါင်းမြီးခြုံတွေကို ဖယ်ရှား မီးရှို့ အောင်ပွဲခံခဲ့ကြပါတယ်။
အမေရိကန်ထောက်ပံ့တဲ့ ဒီဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေမှာ ဆီးရီးယားသူပုန်တွေနဲ့ ကာဒ့်တပ်ဖွဲ့တွေ ပါဝင်ကြပြီး ဒီ မန်ဘီခ်ျမြို့ကို ပြန်သိမ်းနိုင်ဖို့ ၇၃ ရက်ကြာထိုးစစ်ဆင်ခဲ့ရတာပါ။
လူသားဒိုင်းတွေအဖြစ် အသုံးပြုခံခဲ့ကြရတဲ့ အရပ်သား ၂ ထောင်လောက်လည်း ပြန်လွတ်လာကြတယ်လို့ ဆိုပါတယ်။
အိုင်အက်စ် အကြမ်းဖက်တွေနဲ့ အရပ်သားတွေပါဝင်တဲ့ ကားအစီး ၅၀၀ မြို့ကနေဆုတ်ခွာသွားကြပြီး နိုင်ငံအရှေ့မြောက်ဘက် တူရကီနယ်စပ်နားက ဂျာရာဘလတ်စ်မြို့ကို ဦးတည်သွားကြတယ်လို့ ကာဒ့်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီမြို့ကို ပြန်လည်သိမ်းပိုက်တဲ့စစ်ဆင်ရေးမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်သုံးခဲ့ပြီး အမေရိကန်အထူးတပ်ဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။
ဒီမန်ဘီခ်ျ့မြို့ဟာ တူရကီနိုင်ငံနဲ့ ဆက်သွယ်ရာမှာ မဟာဗျူဟာကျတဲ့မြို့ဖြစ်ပါတယ်။ အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့ထဲကို နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေဝင်ရောက်ရာမှာ အဓိကကျတဲ့မြို့ဖြစ်တဲ့အတွက် အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်။