A d v e r t i s e m e n t With Us

မြန်မာ့ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ပြနေ

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ စုစုပေါင်း ကုန်သွယ်မှုလိုငွေဟာ အမေရိကန်ဒေါ်လာ ၁ဝ၅ဝ ဒသမ ၁၇ သန်းရှိတယ်လို့  ဗဟိုစာရင်းအင်းအဖွဲ့ အစီရင်ခံစာကို ကိုးကားပြီး အစိုးရသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံရဲ့ စုစုပေါင်းသွင်းကုန်တန်ဖိုးက ဒေါ်လာ ၃၇၇၇ ဒသမ ၈၁ သန်းရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုးကတော့ ဒေါ်လာ ၂၇၂၇ ဒသမ ၆၄ သန်းသာရှိနေလို့  ကုန်သွယ်မှုလိုငွေပြနေတာပါ။ ပြီးခဲ့တဲ့  ဇွန်လ တစ်လထဲမှာပဲ  စုစုပေါင်းပို့ကုန်တန်ဖိုးက ဒေါ်လာ ၉၄၆ ဒသမ ၉၁ သန်းရှိပြီး သွင်းကုန်တန်ဖိုးက ဒေါ်လာ ၁၅၁၂ ဒသမ ၄၉ သန်းဖြစ်လို့ ကုန်သွယ်မှု လိုငွေ ဒေါ်လာ ၅၆၅ ဒသမ ၅၈ သန်းဖြစ်ပေါ်ခဲ့ တယ်လို့ ဆိုပါတယ်။ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ကို ၅ နှစ်တာကာလအတွင်း ၃ ဆတက်အောင်လုပ်မယ်၊ ဒီလိုတက်မှသာ မြန်မာ့စီးပွားရေးအခြေခိုင်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  ပြီးခဲ့တဲ့ ဧပြီလက ရန်ကုန်မြိ့မှာ တွေ့ဆုံစဉ် ပြောပါတယ်။ ဒါ့အပြင် မြန်မာ့ပို့ကုန်မြှင့်တင်နိုင်ဖို့အတွက် ပုံမှန်ကုန်သွယ်ရေးနဲ့ နယ်စပ် ကုန်သွယ်ရေးတွေမှာ ကုန်စည်သယ်ယူပို့ဆောင်မှု ကြန့်ကြာနေတာတွေကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမယ်၊ ပို့ကုန်၊ သွင်းကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့ ဆောင်ရွက်ပေးမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်နဲ့ မြန်မာ စီးပွားရေးပညာရှင်တွေနဲ့ တွေ့ဆုံစဉ်မှာပြောကြားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up