Home
မြန်မာသတင်း
ရေဘေးအတွက် ရန်ကုန်ဘတ်စ်ကားလိုင်းအချို့ ယာဉ်စီးခမယူဘဲ အလှူခံ
ပိုင်စိုး
·
August 13, 2016
ရေဘေးသင့်ဒေသတွေကို လှူဒါန်းနိုင်ဖို့အတွက် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့က ယာဉ်စီးခ မယူဘဲ အလှူကောက်ခံနေပါတယ်။ “အခု ၁ သိန်းလောက်ရပြီ။ ကျနော်တို့က လုပ်အားပေးပေါ့။ အုံနာတွေကလည်း ဒီနေ့ရတာကို လှူမယ်” လို့ ၁၀၅ လိုင်း ယာဉ်နောက်လိုက်တဦးက ပြောပါတယ်။ ယာဉ်နောက်လိုက် ကိုစောအောင်ကလည်း “ဒီနေ့ တရက်စာကို လှူမှာပါ။ တရက်စာကို သိန်း ၆၀ လောက် ရနိုင်တယ်” လို့ ပြောပါတယ်။ သူတို့ ယာဉ်လိုင်းက ညောင်တုန်းမြို့ကို သွားလှူမယ်လို့ သိရပါတယ်။ နောက်ထပ် ရေဘေးအလှူလုပ်နေတာကတော့ ၃၉ ယာဉ်လိုင်းပါ။ “ဒီနေ့ ကား ၆၀ လောက်ထွက်တယ်။ အစီး ၅၀ လောက်ကတော့ ရေဘေးအတွက် အလှူခံတယ်။ ပုံမှန် ဝင်ငွေကတော့ တနေ့ကို ယာဉ်မောင်းဆိုရင် နှစ်သောင်း၊ စပယ်ယာဆိုရင် ရှစ်ထောင်၊ တစ်သောင်းလောက်၊ အုံနာဆိုရင် တစ်နေ့ လေးသောင်း၊ ငါးသောင်းလောက် ကျန်တယ်ပေါ့။ ပထမ တစ်ကြောင်းကတော့ ခြောက်သောင်းလောက် ရတယ်ဗျ။  ပုံမှန်ဆိုရင်တော့ တစ်ကြောင်းကို နှစ်သောင်းခွဲ၊ သုံးသောင်းလောက် ရတာကို ခရီးသည်တွေက ပိုလှူကြတာပေါ့” လို့ ၃၉ လိုင်း ယာဉ်နောက်လိုက် ကိုမျိုးဦးပိုင်က ပြောပါတယ်။ ဒီလို အလှူလုပ်တာကို မနှစ်က ရေဘေးမှာလည်း လုပ်ခဲ့ဖူးပါတယ်။ အခုနှစ်မှာတော့ ၁၀၇ ယာဉ်လိုင်း၊ ၁၀၅ ယာဉ်လိုင်းနဲ့ ၃၉ ယာဉ်လိုင်းတို့ပဲ စတင်လုပ်ဆောင်နေတာလို့ သိရပါတယ်။ လတ်တလောမှာတော့ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ရေကြီးရေလျှံဖြစ်နေပြီး အိမ်ခြေ ၁ သိန်းကျော် ပြောင်းရွှေ့နေရတာပါ။ ပြီးတော့ ရေဘေးသင့်ပြီး သေဆုံးသူ ၈ ဦးရှိနေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024