မြန်မာ ရေဘေးသင့်သူပေါင်း သန်းတစ်ဝက်ခန့်ရှိလာ၊ သေဆုံးသူ ၈ ဦးရှိ
DVB
·
August 13, 2016
မြန်မာနိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ ရေကြီးမှုတွေကြောင့် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၁၂ ရက်ထိ အိမ်ထောင်စုပေါင်း ၁ သိန်းကျော်၊ လူပေါင်း ၄ သိန်း ၃ သောင်းကျော် ရေဘေးသင့်ပြီး သေဆုံးသူ ၈ ဦးရှိနေပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရေဘေးသင့်သူအများစုဟာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ အများစုဖြစ်ပြီး သေဆုံးသွားသူတွေကတော့ စစ်ကိုင်းတိုင်းမှာ ၂ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၃ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၁ ဦးတို့ ဖြစ်ပါတယ်။
ရေဘေးကြောင့် လူနေအိမ်ခြေပေါင်း ၁ သိန်းကျော်ပြောင်းရွှေ့ခဲ့ရပြီး ရေထဲမျောပါ ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ပေါင်းက ၂၆၀ နီးပါးရှိတယ်လို့လည်းဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ရေဘေးသင့်သူပေါင်း ၃၈၀၀၀ ကျော်ရှိတယ်လို့ မနေ့က အစိုးရထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပေမယ့် ဒေသခံ လွှတ်တော်အမတ်တွေကတော့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နဲ့ ညောင်တုန်းမြို့နယ် ၂ ခုထဲမှာတင် ရေဘေးသင့်သူပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။
ရေဘေးဒုက္ခ ခံစားနေရသူတွေအတွက် အရေးပေါ်အစားအစာ၊ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနဲ့ ငွေကြေး အပါအ၀င် တန်ဖိုးစုစုပေါင်း ကျပ်သိန်းပေါင်း ၅၂၀၀ ကျော်ဖိုးကူ ညီထောက်ပံ့ခဲ့တယ်လို့ လူကယ်ပြန်ဌာနက ဆိုပါတယ်။
လတ်တလော မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ဒေသခံတွေ ရေကြီးမှုနဲ့ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။