Home
မြန်မာသတင်း
မြန်မာ ရေဘေးသင့်သူပေါင်း သန်းတစ်ဝက်ခန့်ရှိလာ၊ သေဆုံးသူ ၈ ဦးရှိ
DVB
·
August 13, 2016
13895415_280659812289487_4984747510933239836_n
မြန်မာနိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ ရေကြီးမှုတွေကြောင့် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၁၂ ရက်ထိ အိမ်ထောင်စုပေါင်း ၁ သိန်းကျော်၊ လူပေါင်း ၄ သိန်း ၃ သောင်းကျော် ရေဘေးသင့်ပြီး သေဆုံးသူ ၈ ဦးရှိနေပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရေဘေးသင့်သူအများစုဟာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ အများစုဖြစ်ပြီး သေဆုံးသွားသူတွေကတော့ စစ်ကိုင်းတိုင်းမှာ ၂ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၃ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၁ ဦးတို့ ဖြစ်ပါတယ်။ ရေဘေးကြောင့် လူနေအိမ်ခြေပေါင်း ၁ သိန်းကျော်ပြောင်းရွှေ့ခဲ့ရပြီး ရေထဲမျောပါ ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ပေါင်းက ၂၆၀ နီးပါးရှိတယ်လို့လည်းဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ရေဘေးသင့်သူပေါင်း ၃၈၀၀၀ ကျော်ရှိတယ်လို့ မနေ့က အစိုးရထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပေမယ့် ဒေသခံ လွှတ်တော်အမတ်တွေကတော့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နဲ့ ညောင်တုန်းမြို့နယ် ၂ ခုထဲမှာတင် ရေဘေးသင့်သူပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ရေဘေးဒုက္ခ ခံစားနေရသူတွေအတွက် အရေးပေါ်အစားအစာ၊ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနဲ့ ငွေကြေး အပါအ၀င်  တန်ဖိုးစုစုပေါင်း ကျပ်သိန်းပေါင်း ၅၂၀၀ ကျော်ဖိုးကူ ညီထောက်ပံ့ခဲ့တယ်လို့ လူကယ်ပြန်ဌာနက ဆိုပါတယ်။ လတ်တလော မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ဒေသခံတွေ ရေကြီးမှုနဲ့ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024