A d v e r t i s e m e n t With Us

တိုက်ပွဲကြောင့် ဖားကန့်တွင် ရွာသား ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၀ါရာဇွပ် နဲ့  ရှဒူးဇွပ်ကျေးရွာအနီးတ၀ိုက်မှာ ကေအိုင်အေ နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ အရင်တပတ်က ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဖားကန့်မြို့နယ် အောင်ရာကျေးရွာကို လူ ၁၀၀ ကျော် ထွက်ပြေးလာသလို တခြားရွာက ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းတွေမှာပါ ၀င်ရောက်ခိုလှုံနေတယ်လို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို ပြောပါတယ်။ “အခု ၀ါရာဇွပ်ရွာပတ်ဝန်းကျင်မှာ တပ်မတော်စစ်ကြောင်းတွေ တက်လာတာ အများကြီးပဲ၊ အဲတော့ စစ်ဖြစ်တော့ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေအားလုံးလို ထွက်ပြေးတယ်၊ ကိုးရွာ ဆယ်ရွာလောက်ရှိမယ်၊ အခုကျမ အိမ်မှာတောင်မှ စစ်ရှောင်လာတဲ့လူက ၁၀၀ လောက်ရှိတယ်။ ၀ါရာဇွပ်အုပ်စုထဲက ရွာငယ်လေးတွေပေါ့။ အစိုးရတပ်ကလည်း သူတို့ကို နေ့တိုင်းရွှေ့ခိုင်းနေ တဲ့အတွက် ကျမတို့မှာရှိတဲ့ ထော်လာဂျီလေးတွေနဲ့ သွားသွားကြိုလာတာ၊ ကျမတို့အိမ်မှာရော၊ ရွာက ဘုရားရှိခိုးကျောင်းတွေမှာရော လာနေကြတာ အများကြီးပဲ၊ အရင်တပတ်တည်းက ရောက်နေတာ။ အိမ်ကနည်းနည်းကျယ်ပြီး မူကြိုဖွင့်ထားတော့ ၁၀၀ လောက်ဆန့်တယ်၊ မိသားစုလိုက်နေတဲ့သူတွေကိုတော့ တဲထိုးပေးဖို့ စီစဉ်နေတယ်။” ထွက်ပြေးလာသူတွေထဲမှာ ဒေသခံတွေရော တခြားဒေသကနေ အရောင်းအ၀ယ်လာ လုပ်သူတွေ၊ ရွှေမှောထဲ အလုပ်လာလုပ်နေသူတွေ ပါကြောင်း၊ လောလောဆယ် သူတို့မိသားစုနဲ့ အောင်ရာရွာသားတွေက တတ်နိုင်သလောက် နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ ကူညီပေးထားတယ်လို့ သူကဆက်ပြောပါတယ်။ သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာလည်း ၀ါရာဇွပ်ကျေးရွာအနီး တောအုပ်တွေထဲမှာ သေနတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ လတ်တလောတိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်တာမတွေ့ရသလို  ကေအိုင်အေဘက်ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ဗမာ့တပ်မတော်က တနိုင်းဘက်က ရွှေခိုးတူးသူတွေကို ဖမ်းဆီးဖို့အကြောင်းပြပြီး ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်ကစ ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၁၄ ရှိရာဘက်ကို စစ်ကြောင်း အင်အားဖြည့်ဆည်း ၀င်ရောက်လာရာမှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘိုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up